အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တောမြို့ရှိ ပိတ်မိနေသည့် အရပ်သား ၁၂၀၀၀ ကျော်ကို တိုက်ပွဲကြားမှ AA ကယ်ထုတ်နိုင်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

မောင်စာဂ၊ နိရဥ္စရာ၊ ဩဂုတ် ၁၁ /၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ပိတ်မိနေသည့် အရပ်သားပြည်သူ ၁၂၀၀၀ ကျော်ကို တိုက်ပွဲများဖြစ်နေသည့်ကြားမှ အာရက္ခတပ်တော်(AA)က အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

သြဂုတ်လ ၇ ရက်မှ ၉ ရက်အထိ ၃ ရက်အတွင်းကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု AA ၏ထုတ်ပြန်ချက်များအရ သိရသည်။

သြဂုတ် ၉ ရက်တွင် မောင်တောမြို့နယ်၊ ပန်းတောပြင်ရွာ၊ ကညင်တန်းရွာ၊ ညောင်ချောင်းရွာနှင့် မောင်တောမြို့မြောက်ဘက်ခြမ်းရှိ ရက္ခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်၊ လူမျိုးပေါင်းစုံပါဝင်သည့် အရပ်သားပြည်သူ ၇၀၀၀ ကျော်ကို ကယ်ထုတ်ခဲ့သည်ဟု ဆိုသည်။

အလားတူ ဩဂုတ် ၈ ရက်တွင် မောင်တောမြို့နယ်၊ ကညင်တန်း၊ ဗိုလ်မှူးရွာ၊ ဖေဇီရွာ၊ အယ်တလီယာရွာ၊ ဟာဘီရွာ၊ ရွှီဇား(စေတီပြင်)ရွာ၊ ကပ္ပကောင်းရွာ၊ မောင်တောမြို့၊ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)နှင့် ရပ်ကွက် (၅)တို့ရှိ မွတ်ဆလင်ပြည်သူ ၁၅၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်။

ယင်းအပြင် သြဂုတ်လ ၇ ရက်တွင်လည်း မောင်တောမြို့၊ လသာရပ်ကွက်ရှိ အရပ်သားပြည်သူ ၄၀၀၀ ကျော်ကို ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု AA ထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။

"ရက္ခိုင်ပြည်၊ မောင်တောမြို့ထဲတွင် စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ်ခေါ်ယူထားသော ပြည်သူလူထုများနှင့် မောင်တောမြို့အတွင်း ပိတ်မိနေကြသော ပြည်သူလူထုများကို အာရက္ခတပ်တော်မှ အသုတ်လိုက်၊ အသုတ်လိုက် ဘေးလွတ်ရာသို့ ရွေ့ပြောင်း ကယ်တင်ခြင်းများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်ဟုသိရသည်။



မောင်တောမြို့အတွင်းရှိ ပြည်သူများမှလည်း ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် ထွက်ပြေး လာကြသော သူများလည်း လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ရှိခဲ့သည်"ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ကယ်ထုတ်ခံထားရသူများကို သူတို့နေထိုင်လိုသည့် ရပ်ရွာများနှင့် ဘေးကင်းလုံခြုံသည့်နေရာများသို့ပို့ဆောင်ပေးခဲ့သည်ဟု AA က ဆိုသည်။

ယင်းအပြင် အမိုးအကာထောက်ပံ့ခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ရရှိရေးတို့အတွက် AA က ကြိုးစား ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ကယ်ထုတ်ခံလာရသည့် ဒေသခံမွတ်ဆလင်တစ်ဦးကလည်း "AA ဘက်က မြို့ထဲကို ဝင်လာနေကြပြီ။ တိုက်ပွဲဖြစ်လာရင် ကြားညှပ်သွားကြမယ်။ အဲ့ဒါကြောင့် မြို့က ထွက်ပြေးလာကြရတယ်။ AA ဘက်က ရဲဘော်တွေလည်း အကူအညီပေးကြပါတယ်။ လမ်းမလျှောက်နိုင်တဲ့လူအိုတွေ၊ နေထိုင်မကောင်းသူတွေကို ဆိုင်ကယ်တွေနဲ့လိုက်ပို့ကြတယ်။ မသယ်ယူနိုင်တော့တဲ့အိတ်တွေကို ကူညီပြီးသယ်ပေးကြပါတယ်"ဟု နိရဥ္စရာကို ပြီးခဲ့သည့် ရက်ပိုင်းက ပြောသည်။




ယင်းသို့ AA က ကယ်ထုတ်လာရာတွင် လမ်းခုလတ်၌ စစ်ကောင်စီ၏ နှောင့်ယှက် တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ တစ်ဦးစ၊ နှစ်ဦးစလည်း ရှိခဲ့သည်ဟုဆိုသည်။

သြဂုတ် ၉ ရက်က ကယ်ထုတ်လာရာတွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် မွတ်ဆလင်များ၏ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် မောင်တောမြို့၊ ရွာသစ်ရပ်ကွက်မှ စစ်ဘေးရှောင် ဟိန္ဒူအမျိုးသမီး ကီချ်မားနီ (၂၂) နှစ်သည် သူ၏ ဘယ်ဘက် ဝမ်းဗိုက်ဘေးစအနီး ကျည်ဖောက်ဝင်၍ သေဆုံးခဲ့သေးသည်။

အလားတူ ဩဂုတ် ၇ ရက်က ကယ်ထုတ်လာရာတွင်လည်း မွတ်ဆလင် စစ်ဘေးရှောင် တစ်ဦးဖြစ်သည့် မောင်တောမြို့၊ လသာရပ်ကွက်မှ ဦးအဒူလာ(၄၀)နှစ်ခန့်သည် လမ်းခုလတ်တွင် ကျေးရွာတစ်ခု၏ ခြံတစ်ခုအတွင်း ဝင်ရောက် အပေါ့စွန့်ရာမှ
စစ်ကောင်စီထောင်ထားသည့်မိုင်းကိုနင်းမိ၍ ညာဘက်ခြေထောက်ပြတ်ထွက်သွားကာ ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် AA က မောင်တောမြို့တွင်းသို့ထိုးဖောက်ဝင်ရောက်၍ မြို့တစ်ခုလုံးနီးပါးကို စစ်ကောင်စီနှင့် မွတ်ဆလင်လက်နက်ကိုင်များထံမှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး အလုံးစုံသိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - AA

ဆက်စပ် သတင်းများ