စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

ရခိုင်စစ်ကောင်စီက မြို့ ၃ မြို့ရှိ AA အား ပြန်လည်တိုက်ခိုက်နေ၍ ပြည်သူများအား ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် ဝါဒဖြန့်စာထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 11.9k

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၁၁/၂၀၂၄

ရခိုင်ပြည်အတွင်းရှိ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များရှိ အာရက္ခတပ်တော် (AA) အား စစ်ကောင်စီက တိုက်ခိုက်နေ၍ ပြည်သူများအသက် အန္တရာယ်ရှိသည့်အတွက် ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် ရခိုင်ပြည်နယ်စစ်ကောင်စီက ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ ဝါဒဖြန့်စာ ထုတ်ပြန်သော်လည်း လက်တွေ့မြေပြင်တွင် မည်သည့် ထိုးစစ်မှ မလုပ်နိုင်ဘဲ လေယာဉ်ဖြင့်အရပ်သားများကိုသာ ဗုံးကြဲသတ်ဖြတ်နေခြင်းကိုသာ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါထုတ်ပြန်ချက်တွင် "ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မြို့ရွာအတွင်းရှိ AA အဖွဲ့အား စစ်ကောင်စီက အချိန်နှင့်တပြေးညီ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အသက်အန္တရာယ်ရှိလာနိုင်သဖြင့် မိမိတို့ဘေးအန္တရာယ်လုံခြုံရေးအတွက် နေအိမ်ရှိ တန်ဖိုးကြီးပစ္စည်းများယူဆောင်၍ ရှောင်ရှားနေထိုင်ကြရန်"ဟု ဖော်ပြပါရှိသည်။

၎င်းပြင် "AA အဖွဲ့အား လက်ခံနေထိုင်ခွင့်ပြုထားခြင်း၊ ထောက်ပံ့ကျွေးမွေးခြင်းနှင့် ရိက္ခာ၊ ငွေကြေး၊ ဆေးဝါးထောက်ပံ့ပေးထားသူများကိုလည်း တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်သဖြင့် လက်ခံထောက်ပံ့ခြင်း မပြုကြရန်နှင့် တိုက်ပွဲကာလ အမြန်အဆုံး သတ်စေရေး ပူးပေါင်းပါဝင်ကြရန်"လည်း ဆက်လက် ဖော်ပြထားသည်။

စစ်ကောင်စီက AA ကိုတိုက်ခိုက်နေသည်ဟု ဆိုသော်လည်း လက်တွေ့​မြေပြင်တွင် မည်သည့် ထိုးစစ်မှ မလုပ်နိုင်ဘဲ အရပ်သားများရှိသည့် လူစည်ကားရာနေရာများကိုသာ လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ သြဂုတ်လ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း မြောက်ဦးမြို့ ကြက်ဈေး ရပ်ကွက်ရှိ လူစည်ကားသည့် သျှစ်သောင်းဘုရား သွားလမ်း မြောက်ဦးဟိုတယ်လမ်းဆုံကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိသွားခဲ့သည်။

ယခုပစ်ခတ်ခဲ့သည့်နေရာသည် ခရီးသွားကားများနှင့် ခရီးသည်များ၊ စျေးဆိုင်ခန်း များဖြင့် လူစည်ကားသည့်နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်၊ ညဥ့် ၂ နာရီကျော်ခန့်ကလည်း မြောက်ဦးမြို့အနီးမှ အုတ်ဖိုကန်ကျေးရွာအနီးကို စစ်ကောင်စီက Rocket ဒုံးဖြင့် နှစ်ကြိမ်တိုင် လာရောက် ပစ်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ဟု သိရသည်။

ယခုစစ်ကောင်စီ၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက "သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ထိုးစစ်ဆင်တယ်လို့ဆိုတာဟာ တမင်တကာ ပြည်သူလူထုကိုပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတာလားလို့တောင် မေးခွန်းထုတ်ချင်တယ်။ အမှန်တကယ်က မြေပြင်မှာခံနေရတာ၊ သေနေပျောက်နေရတာက အားလုံးဟာ အရပ်သားပြည်သူတွေဖြစ်တယ်။ မနေ့ကဆိုရင် သားဖနှစ်ယောက် မီးသွေးရောင်းဖို့လာတာ။ အဲဒီမှာ ကားနဲ့ခဏလေးဝင်ပြီးတော့ ခိုနားနေချိန်မှာ ပစ်ပစ်လို့ သားဖနှစ်ယောက်လုံး တခြားသူတွေနဲ့အတူ အသက်ဆုံးရှုံးသွားတယ်။ ဒါဟာ စစ်ကောင်စီ ထုတ်ပြန်ချက်နဲ့ လုံးဝသက်ဆိုင်မှုမရှိဘဲ တခြားစီဖြစ်နေတာကိုတွေ့ရတယ်။ ဒါ့ကြောင့် သူတို့ထုတ်ပြန်ချက်နဲ့ သူတို့လုပ်ရပ်ကို လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး"ဟု နိရဥ္စရာကို ပြောသည်။

အလားတူ ယနေ့ သြဂုတ်လ ၁၁ ရက်၊ မွန်းတည့်ပိုင်းကလည်း ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်းရှိ အနောက်ရဲမွတ်ဆလင်ကျေးရွာနှင့် ကျောက်ပြင်ကျေးရွာ တို့ကို တိုက်ပွဲ မရှိဘဲ စစ်တွေရဲတပ်ရင်း အမှတ်(၁၂)နှင့် ကြက်ကိုင်းတန် အမြှော​က်တပ်ရင်းတို့က လက်နက်ကြီးများဖြင့် လှမ်းပစ်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် အနောက်ရဲမွတ်ဆလင်ကျေးရွာတွင် လက်နက်ကြီးကျည် ၃ လုံးနှင့် ကျောက်ပြင်ကျေးရွာ၏ လယ်ကွင်းပြင်တွင် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

ထိုသို့ စစ်ကောင်စီက လူနေကျေးရွာများကို တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ပြီး AA ကိုပစ်ခတ်နေသယောင် သတင်းများထုတ်လွှင့်နေမှုမှာ ဥပဒေမဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်း ပေါက်တောမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်က နိရဥ္စရာကို ယနေ့ ပြောသည်။

" တိုက်ပွဲလည်း မရှိဘဲနဲ့ အရပ်သားတွေနေထိုင်တဲ့နေရာကို ဒီလိုမျိုးပစ်ခတ်တာက ဒီလိုစစ်ရာဇဝတ်မှု ကျူးလွန်တာ ကမ္ဘာမှာတောင် ရှိမှာမဟုတ်ဘူး။ သူတို့(စစ်ကောင်စီ)က တော်တော် ဥပဒေမဲ့တယ်လို့ ပြောရမှာပေါ့"ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင်လည်း ပေါက်တောမြို့နယ်ရှိ ကြိမ်ခွေမော်၊ တောင်ဦးမော်၊ ဆင်တက်မော်၊ သဲခုံစသည့်ကျေးရွာတို့ကို စစ်ကောင်စီဘက်က Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်ကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိပြီး အိုး၊ အိမ်များလည်း ပျက်စီးခဲ့သည်။

ယခုထုတ်ပြန်သည့် မြို့နယ် ၃ ခုသည် AA ၏ ထိန်းချုပ်စိုးမိုးမှုအောက်တွင် ရှိနေပြီဖြစ်ပြီး ယင်းမြို့နယ်များအတွင်း AA ကိုထောက်ပံ့သူများအား စစ်ကောင်စီက အရေးယူသွားမည် ဆိုခြင်းမှလည်း လေလှိုင်းပေါ်မှ အော်ဟစ်နေရုံသာရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

ရခိုင်ပြည်စစ်ကောင်စီ၏ ယနေ့ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AA ၏သဘောထား ရယူနိုင်ရန် AA ပြောခွင့်ရသူ ဦးခိုင်သုခအား နိရဥ္စရာက ယနေ့ နေ့လယ်က ဆက်သွယ် မေးမြန် ထားသော်လည်း ညနေပိုင်းအထိ အကြောင်းပြန်ကြားမှုမရှိသေးပါ။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ တကျော့ပြန်တိုက်ပွဲကာလ ပြန်လည် စတင်လာခဲ့သည်မှာ ယခုသြဂုတ်လဆိုလျှင် ၉ လတိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ယင်းကာလအတွင်း AA သည် ရခိုင်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ တောင်ပြိုနှင့် ချင်းပြည်နယ်၊ ပလက်ဝ စသော မြို့များကိုအပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

လက်ရှိတွင် AA က မောင်တောမြို့နှင့် သံတွဲမြို့နှစ်ခုလုံးကိုလည်း အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ရန် တိုက်ပွဲအရှိန်မြှင့် ဖော်ဆောင်လျက်ရှိသည်။

အလားတူ ရခိုင်ပြည်တောင်ဘက်ဆုံး ဂွမြို့နယ်ကိုလည်း AA က ယခုရက်ပိုင်းအတွင်း စတင်ထိုးစစ်ဆင်နေပြီဟု ဒေသခံများက ပြောသည်။

ရခိုင့်စစ်မျက်နှာတွင် စစ် အရှုံးကြီး ရှုံးနေသည့်စစ်ကောင်စီသည် AA ကိုတိုက်၍မနိုင်တော့၍ အပြစ်မဲ့ပြည်သူများကို အထိုင်တပ်ရင်းများနှင့် လေကြောင်းအားကိုးဖြင့် ဦးတည်တိုက်ခိုက်ကာ လူမျိုးတုံးသတ်ဖြတ်နေခြင်းဖြစ်သည်ဟုလည်း ဒေသခံများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်နေကြသည်။

ဆက်စပ် သတင်းများ