စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

မောင်တောတွင် AA ပိတ်ဆို့ထားသည့် နခခ(၅)အား စစ်‌ကောင်စီက လေထီးများဖြင့် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများချပေးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၁၁ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့ရှိ အာရက္ခတပ်တော်(AA)ပိတ်ဆို့ထားသည့် နယ်ခြားစောင့် တပ်ဖွဲ့ခွဲ(နခခ ၅)အား ယနေ့ ဩဂုတ် ၁၁ ရက် နံနက်တွင် စစ်‌ကောင်စီမှ လေထီးများဖြင့် လက်နက်များနှင့် စားနပ်ရိက္ခာများကို ချပေးခဲ့သည်ဟု သိရသည်။

AA က မောင်တောမြို့အား ယမန်နေ့ သြဂုတ်လ ၁၀ ရက်တွင် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ၏ တစ်ခုတည်းသာကျန်တော့သည့် နခခ(၅)တပ်ရင်းအား ပိတ်ဆို့ ထားလိုက်ခြင်းကြောင့် နခခ(၅)၌ လိုအပ်သည့်လက်နက်၊ ခဲယမ်းများနှင့်စားနပ်ရိက္ခာများကို စစ်ကောင်စီက ယနေ့ သြဂုတ်လ ၁၁ ရက်၊ နံနက်မှစတင်ကာ Y-12‌ လေယာဥ်ဖြင့်လာရောက်၍ လေထီးများဖြင့် ချပေးနေရကြောင်း ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက "AA ဘက်က မြို့ကိုသိမ်း‌ပြီးတော့ နခခ(၅)တပ်ရင်းကို ပိတ်ဆို့ထားတယ်။ နခခ(၅)က လိုအပ်တဲ့လက်နက်၊ ခဲယမ်းတွေနဲ့ စားနပ်ရိက္ခာတွေကို စစ်ကောင်စီက Y-12‌ လေယာဥ်ကနေ လေထီး‌တွေနဲ့ ချပေးနေရတယ်"ဟု ပြောဆိုသည်။

ယင်းအပြင် မောင်တောမြို့ကို ယနေ့ နံနက် ၉ နာရီခွဲ၌ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၃ စီးဖြင့်‌ အပြင်းအထန်ဗုံးကြဲချလျက်ရှိနေကြောင်း သိရသည်။

ဒေသခံတစ်ဦးက "လူတွေကတော့ မရှိတော့ဘူး။‌ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုများ နိုင်တယ်။ မနေ့ကလည်း လက်နက်ကြီးကျလို့ ကျော်တည်းခိုခန်း ပြိုပျက်သွားတယ်"ဟု ပြောသည်။

အလားတူ နခခ(၅)ကလည်း မောင်တောမြို့သို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်လျက်ရှိ‌သည်ဟု သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ၏ Y12 လေယာဥ်အား တွေ့ရစဥ်။

ဆက်စပ် သတင်းများ