စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

ရခိုင်တွင် တိုက်ပွဲကာလ စစ်ကောင်ဖျက်ဆီးထားသည့် တံတား ၂၂ စင်းအထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.9k

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၁၂/၂၀၂၄

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားသည့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ လက်ရှိ သြဂုတ်လ ၁၀ ရက်အထိ စစ်ကောင်စီတပ်က ရခိုင်ပြည်အတွင်း တံတား ၂၂ စင်းအထိ ဖျက်ဆီးထားပြီဖြစ်ကြောင်း နိရဉ္စရာက ကောက်ယူထားသည့်စာရင်းအရ သိရသည်။

စစ်ကောင်စီတပ်က ဖျက်ဆီးထားသည့် တံတားများတွင် ရခိုင်မှ ဒေသခံပြည်သူများ ကူးသန်း သွားလာရေး၌ မရှိမဖြစ် အဓိကအရေးပါသောတံတားများ၊ မြို့နယ်အချင်းချင်း ချိတ်ဆက်ထားသည့် တံတားများ၊ ရန်ကုန်-စစ်တွေကားလမ်းမပေါ်မှ တံတားများနှင့် ကျေးရွာချင်းဆက် တံတားများပါဝင်ကြောင်း သိရသည်။

အဆိုပါတံတားများတွင် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ မိုင်းခွဲဖျက်ဆီးထားသည့် ကွန်ကရစ် တံတားများလည်းပါဝင်သလို ရွာချင်းဆက် သစ်သားတံတားများလည်း ပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီတပ်က ဖျက်ဆီးထားသော တံတားများမှာ သံတွဲ-ဂွ ကားလမ်းပေါ်မှ ပြည်သူများ အသုံးပြုနေသည့် ချင်းကွင်းတံတားအား ဇူလိုင် ၂၅ ရက် ညနေပိုင်းကလည်းကောင်း၊ သံတွဲမြို့၊ ဇလွန်-သပြုချိုင်လမ်းပေါ်ရှိ သရက်ပင်ကွင်းတံတား၊ ဆင်ဒင်လေးတံတားတို့ကို ဇူလိုင်လ ၂၄ ရက် ညနေပိုင်းကလည်းကောင်း မိုင်းခွဲဖျက်ဆီးခဲ့သည်။

အလားတူ မောင်တောမြို့တောင်ပိုင်း (၂၄)မိုင် အကွာရှိ အလယ်သံကျော် ကွန်ကရစ် တံတားကြီးကို ဇွန်လ ၉ ရက်ကလည်းကောင်း၊ မောင်တောနယ် မောရဝတီမှ တံတား (၂)စင်း၊ မြင်းလွှတ်မှတံတား (၂)စင်းနှင့် အလယ်သံကျော်မှ တံတား (၂)စင်းတို့ကို ဇွန်လ ၁၃ ရက်က လည်းကောင်း၊ တောင်ကုတ်မြို့နှင့် (၈)မိုင်ခန့်အကွာ ကားလမ်းပေါ်ရှိ ရွှေကွမ်းစမ်းတံတားကို ဇွန်လ ၁၀ ရက် ညအချိန်ကလည်းကောင်း ဖျက်ဆီးခဲ့သည်။

မေလတွင်ဆိုလျှင် မောင်တောမြို့အနီးရှိ လှဘော်ဇားတံတားကို မေလ ၆ ရက် ည ၉ နာရီခန့်က လည်းကောင်း၊ မောင်တောမြောက်ပိုင်းရှိ သီဟိုဠ်အေးကျေးရွာအနီး ကားလမ်းပေါ်ရှိ ၃ မိုင်တံတားကို မေလ ၇ ရက် ညအချိန်ကလည်းကောင်း၊ ဘူးသီးတောင်မြို့အရှေ့ဘက်ရှိ ပန်ဇင်းချောင်းတံတားကို မေလ ၆ ရက် ညနေပိုင်းကလည်းကောင်း ဖျက်ဆီးခဲ့သည်။

ဧပြီလတွင်ဆိုလျှင် ဘူးသီးတောင်မြို့နယ်၊ ဂုံးနားကျေးရွာအနီးရှိ ကျေးရွာချင်းဆက် တံတားကို ဧပြီလ ၂၅ ရက်ကလည်းကောင်း ဖျက်ဆီးခဲ့သည်။

ဖေဖော်ဝါရီလတွင်ဆိုလျှင် ကျောက်ဖြူ-မအီမြို့အဝင် ကျောက်ကြီးပေါက်တံတားနှင့် မအီ တံတားတို့ကို ဖေဖော်ဝါရီလ ၁၆ ရက် ည ၉ နာရီခွဲခန့်ကလည်းကောင်း၊ စစ်တွေ - ရန်ကုန် ကားလမ်းမပေါ်ရှိ အမြင့်ကျွန်းကျေးရွာအနီးမှ မင်းချောင်းတံတားကို ဖေဖော်ဝါရီလ ၁၁ ရက်က လည်းကောင်း၊ ဖေဖော်ဝါရီလထဲတွင်ပင် နောက်ထပ် ကျောက်ဖြူမြို့နယ်မှ တံတား တစ်စင်း မိုင်းခွဲဖျက်ဆီးခဲ့သည်။

တောင်ကုတ်မြို့နယ်၊ တောင်ရွာကျေးရွာနှင့် တောင်ကုတ်မြို့ဘက်ကမ်းရှိ မှိုဟင်းတော ကျေးရွာကို ချိတ်ဆက်ထားသည့်တံတားနှင့် သလိန်ပြင်ကျေးရွာနှင့် တောင်ကုတ်မြို့ဘက်ကမ်း ဝက်ကျိပ်ကျေးရွာသို့ ချိတ်ဆက်ထားသည့်တံတား ၂ စင်းကို နိုဝင်ဘာလ ၁၈ ရက် ညနေ ၄ နာရီ ကလည်းကောင်း၊ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်နှင့် မြို့မဈေးကြီးသို့ ထိုးထားသည့် တံတားကို နိုဝင်ဘာလ ၁၇ ရက်ကလည်းကောင်း အသီးသီး ဖြိုဖျက်ခဲ့သည်။

ပေါက်တောမြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦးက "ဒီလိုမျိုးတံတားတွေကို စစ်ကောင်စီ တပ်က မိုင်းခွဲဖျက်ဆီးတာကတော့ ဒေသခံတွေကို ရည်ရွယ်ချက်ရှိရှိ အခက်အခဲ ဖြစ်အောင် တမင်လုပ်တာလို့ပြောလို့ရတယ်။ ညအချိန် မကျန်းရေးမမာရေးနဲ့ဆို သွားလာလို့မရဘူး။ ကုန်သွယ်သွားလာလို့လည်း မရဘူး။ တံတားတွေကို မိုင်းခွဲ ဖျက်ဆီးတာကတော့ အေအေရဲ့ ထိုးစစ်တွေကိုကြောက်ပြီး ဝင်တိုက်လို့မရအောင် အကာအကွယ်ယူပြီး ဖျက်ဆီးတာလို့ ပြောလို့ရတယ်။ စစ်ရှုံးပြီးတော့ ရတာကိုဖျက်ဆီးတာ။ ပြည်သူတွေသာ ဒုက္ခရောက်ကြရတယ်"ဟု ပြောသည်။

ယင်းသို့ဖျက်ဆီးထားသည့်အတွက် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတွင် ဆက်သွယ်သွားလာရပြတ်တောက်နေပြီး အခက်အခဲမျိုးစုံဖြင့် ထိခိုက်နစ်နာနေရကြောင်း ဒေသခံပြည်သူများက ပြောသည်။

စစ်တွေမြို့ခံ တစ်ဦးက "တံတားတွေကို မိုင်းခွဲဖျက်ဆီးတယ်။ လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ဖြတ်တောက်ထားပြီး တစ်မြို့နဲ့တစ်မြို့သွားလာလို့မရအောင် လုပ်တာက ပြည်သူတွေရဲ့ အခွင့်အရေးတွေကိုချိုးဖောက်တာ။ စားဝတ်နေရေး၊ ကျန်းမာရေးဘက်ပေါင်းစုံက ဒုက္ခ ဖြစ်အောင်လုပ်တာ။ ပြောချင်တာကတော့ စစ်ကောင်စီတပ်အနေနဲ့ ပြည်သူလူထုတွေကို အတိဒုက္ခရောက်အောင် တံတားတွေဖျက်ဆီးတာ၊ လမ်းတွေပိတ်ဆို့တာတွေ တမင် ရည်ရွယ်ချက် ရှိရှိ လုပ်နေတာ။ အခုစစ်တွေမြို့မှာဆိုလည်း ဟိုမသွားရ။ ဒီမသွားရနဲ့ ပြည်သူတွေကို ကန့်သတ်ပိတ်ဆို့ထားတယ်" ဟု ပြောသည်။

စစ်ကောင်စီက ရခိုင်ပြည်တွင်း ကုန်လမ်း၊ ရေလမ်းတို့ကိုလည်း ပိတ်ဆို့ထားသည့်အပြင် တံတားများကိုပါ ဖျက်ဆီးထားသည့်အတွက် ဒေသခံပြည်သူများတွင် ကဏ္ဍပေါင်းစုံ၌ အတိဒုက္ခရောက်နေကြကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီသည် ၄င်းတို့ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ ဂွနှင့် ကျောက်ဖြူစသည့်မြို့နယ်များတွင်လည်း မြို့အဝင်အထွက်များ၌ စစ်ဆေးရေး ဂိတ်များ တိုးချကာ ဒေသခံများ၏ သွားလာဆက်သွယ်ရေးကို ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် ဒေသခံများ၏ လူမှုစီးပွားရေးများတွင် နစ်နစ်မှုများကြောင်း ဒေသခံများက ပြောသည်။

ပုံ - စစ်ကောင်စီက ရခိုင်မှ မိုင်းခွဲဖျက်ဆီးထားသည့် တံတားများအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ