- Web Master
- ၀၃ သြဂုတ် ၂၀၂၄
ကံ့ကော်နီနီ၊ နိရဉ္စရာ၊ ဩဂုတ် ၁၂ / ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင်
အရက်ဖြူအဆီဖျော်စပ်သောက်သုံးမှုကြောင့် ဒေသခံ ၄ ဦး အဆိပ်သင့်သေဆုံးခဲ့ရာ
အရက်ဆီဖျော်စပ်သောက်၍ သေဆုံးသည်မှာ မဖြစ်နိုင်ဟုဆိုကာ စမ်းသပ်သောက်ကြည့်ရာမှ အရက်ဖြူရောင်းချသူပါ သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာမှ အရက်ဖြူရောင်းချသူ အသက် ၅၀ ကျော်အရွယ် ဦးမောင်မောင်ကြီးဖြစ်ကြောင်း သိရသည်။
ဦးမောင်မောင်ကြီးသည် နဂိုကအရက်မသောက်သော်လည်း လူ ၄ ဦးသေဆုံးမှုမှာ
အရက်ဖြူအဆီကြောင့် အဆိပ်မသင့်နိုင်ဟုဆိုကာ စမ်းသပ်သောက်သုံးရာမှ
သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့ခံအမျိုးသမီးတစ်ဦးက "အဆိပ်သင့်လို့
သူတို့ရွာသားတွေသေတော့ ဒီအရက်ဖြူအဆီသောက်လို့ တကယ်ပဲသေမလားဆိုပြီး မယုံကြည်စိတ်နဲ့
ဖျော်သောက်ကြည့်ရာက အဆိပ်သင့်ပြီးထပ်သေတာပါ" ဟု နိရဥ္စရာသတင်းဌာနသို့
ပြောသည်။
ဦးမောင်မောင်ကြီးသည် ဩဂုတ်လ ၁၀ ရက်က ၄င်းတွင်ရောင်းချနေသည့် BE
အရက်ဖြူအဆီကိုဖျော်စပ်ကာ ၃ ခွက်တိတိသောက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၁
ရက်တွင် အဆိပ်သင့်ဝေဒနာပြင်းထန်လာ၍ တောင်ကုတ်ဆေးရုံသို့အရေးပေါ်တင်ရပြီး
ယင်းနေ့တွင်ပင် သေဆုံးသွားကြောင်း သိရသည်။
ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ချောင်းရေနှင့်မျောပါလာသည့် အရက်ဖြူအဆီများကို
ဖျော်စပ်သောက်သုံး၍ ရန်ခိုကျေးရွာမှ အမျိုးသားသုံးဦးနှင့် တောင်ကုတ်မြို့ပေါ်မှ
လူငယ်တစ်ဦးတို့အဆိပ်သင့်သေဆုံးခဲ့ရပြီး နောက်ထပ်လူငယ် ၃ ဦး
ဆေးရုံတက်ရောက်ကုသခဲ့ရသည်။
၄င်းတို့ကိုဆေးရုံတင်စဥ် ဓာတ်ခွဲစစ်ဆေးချက်
အရ အရက်ဖြူအဆီတွင် အဆိပ်ပါဝင်နေကြောင်းဆေးရုံတာဝန်ရှိသူများကပြောဆိုကြောင်း
ဆေးရုံသို့သွားရောက်ကြည့်ရှုခဲ့သည့်ဒေသခံများက နိရဥ္စရာကိုပြောသည်။
ယခုထပ်မံသေဆုံးသွားသည့် ဦးမောင်မောင်ကြီးသည်
တခြားဒေသခံများသေဆုံးသလို
ချောင်းရေနှင့်မျောပါလာသည့်အရက်ဖြူအဆီကိုသောက်သုံးခြင်းမဟုတ်ဘဲ
မိမိဆိုင်တွင်ရောင်းချနေသည့်
အရက်ကိုဖျော်စပ်သောက်ရာမှအဆိပ်သင့်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကုတ်မြို့ခံအမျိုးသမီးတစ်ဦးက "သူကအရင်ကလည်းအရက်တစ်ခါမှသောက်တဲ့လူမဟုတ်ဘူး။
အဲဒါလည်းအဆိပ်သင့်ပြီးသေတယ်ဆိုတော့ ဒီအရက်ဖြူတွေမှာကို တစ်ခုခုပရောဂဖြစ်နေပြီ။
သေချာဆန်းစစ်ဖို့လိုပြီ"ဟု ပြောသည်။
ရခိုင်တွင်စစ်ရေးအခြေအနေလည်း ပြင်းထန်နေရာ
နိုင်ငံရေးကောက်ကျစ်မှုအဖြစ် အရက်ဖြူအဆီများတွင် သေဆုံးနိုင်သည့်
အဆိပ်များရည်ရွယ်ချက်ရှိရှိထည့်ထားခြင်းဖြစ်နိုင်ပြီး
သေချာဆန်းစစ်ရန်လိုအပ်နေပြီဟု ဒေသခံများက ပြောသည်။
ယခုအဆိပ်သင့်မှုအခြေအနေနှင့်ပတ်သက်၍ တောင်ကုတ်ဆေးရုံတာဝန်ရှိသူများကိုဆက်သွယ်မေးမြန်းနိုင်ရန်
နိရဥ္စရာသတင်းဌာနက ကြိုးစားနေဆဲဖြစ်သည်။
ဓာတ်ပုံ - သြဂုတ် ၈ ရက်နှင့် ၉ ရက်က အရက်ဖြူအဆီများဖျော်စပ်သောက်သုံးသူများအား ဆေးရုံတင်ခဲ့စဥ်က မြင်ကွင်း။ (Photo-CJ)