အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျိန္တလီမြို့တိုက်ပွဲကြားမှ ထွက်ပြေးကြသောရဲနှင့်ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးမှုများရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.7k

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၁၂/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေသည့်ကြားက မြို့ကိုစွန့်ခွာကာ ထွက်ပြေးရှောင်တိမ်းကြသည့် ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်ရာ ရဲနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြပြီး သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ သြဂုတ်လ ၁၁ ရက်၊ ညနေပိုင်းက ထွက်ပြေးကြစဥ် ထွေအုပ်ရုံးအနီးတွင် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သားများ ၂၀ ကျော်ခန့်သေဆုံးသွားကြောင်း ကျိန္တလီမြို့မှ ခိုင်မာသည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"မနေ့ညကတော့ မြို့ထဲမှာ လက်နက်ငယ် ပစ်ခတ်သံတွေ နာရီဝက်လောက်ကြားရတယ်။ နှစ်ဖက်ပစ်ခတ်သံတွေ ကြားရတာ။ ဒီမနက် စုံစမ်းကြည့်တော့ မြို့ကထွက်ပြေးတဲ့ ရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေကို စစ်တပ်ကသေနတ်နဲ့ လှမ်းပစ်တာလို့ သိရတယ်။ ၂၀ လောက် သေတယ်လို့ ကြားတယ်။  နှစ်ဖက်အပြန်အလှန် ပတ်ခတ်ကြတာ"ဟု ပြောသည်။

တစ်ခြား ဒေသခံတစ်ဦးကလည်း ရဲစခန်းသို့ လက်နက်ကြီးကျပြီး အဆောင်အချို့ မီးလောင်ခဲ့ကာ အချင်းချင်းအကြား ပစ်ခတ်မှုများရှိခဲ့သည်ဟု ပြောသည်။

ဒဏ်ရာပြင်းထန်သည့် ရဲများကို ကျိန္တလီမြို့မှ ဂွမြို့ဆေးရုံပေါ်သို့ ယူဆောင်သွားကြသည်ဟု မျက်မြင်ဒေသခံများကပြောသည်။

အာရက္ခတပ်တော်သည် ကျိန္တလီမြို့ အတွင်းက ထွေအုပ်ရုံး၊မြို့ဦးတောင်နှင့် ရဲစခန်းတွင် ကျန်ရှိနေသည့် နေရာများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲမှာ ယနေ့ဩဂုတ် ၁၂ ရက်နေ့ နံနက် ၁၀ နာရီ အထိပြင်းထန်နေသည်ဟု ကျိန္တလီမှ စစ်ရှောင်လာသူတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" သဖန်းကွင်းကနေတိုက်လာတာ အခုမြို့ထဲကိုရောက်နေပြီ။ တိုက်ပွဲကပြင်းနေတယ်။ စစ်ကောင်စီဖက်ကလည်း လက်နက်တွေနဲ့ပစ်ကူနေတယ်။ လက်နက်အသံတွေကဆူညံနေတယ်" ဟုပြောသည်။

ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် AA တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်၊ ညနေ ၃ နာရီခန့်မှစတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ယမန်နေ့သြဂုတ်လ ၁၁ ရက်ကလည်း ကျိန္တလီမြို့ရှိ ရဲစခန်းနှင့် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ ၁၂ ရက်၊ နံနက် ၁၀ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဂွမြို့ အခြေစိုက်တပ်ရင်းများကလည်း လက်နက်ကြီးကျည်များဖြင့် တိုက်ပွဲ ဖြစ်ပွားရာ ကျိန္တလီမြို့အနီးသို့ ပစ်ကူပေးနေပြီး ရေကြောင်းရှိ နေဗီသုံးစီးနှင့် လေကြောင်းတို့ကလည်း ဝင်ရောက် ပစ်ကူနေသည်ဟု သိရသည်။

ထိုသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်များပစ်ခတ်သည့်အတွက် ကျိန္တလီမြို့ရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ရှောင်တိမ်းနေရပြီး တချို့မြို့ခံများမှာ မြို့ထဲတွင် ပိတ်မိနေကြောင်း သိရသည်။

ထို့အတူ ယမန်နေ့ကပင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ၍ ကျိန္တလီမြို့ရှိ လူနေအိမ်များ၊ ဆေးရုံ၊ ထွေအုပ်ရုံးတို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး မီးလောင်နေကြောင်း သိရသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသော ကျိန္တလီမြို့သည် ဂွမြို့မြောက်ဘက် မိုင် (၄၁) အကွာ သံတွဲ-ဂွ ကားလမ်းပေါ်တွင် တည်ရှိသည်။ ဂွမြို့တွင် စစ်ကောင်စီတပ်မှ ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့ တပ်စွဲထားပြီး ဧရာဝတီတိုင်းဘက်မှ စစ်ကောင်စီတပ်သားများနှင့် စစ်မှုထမ်းရန် ခေါ်ဆောင်ထားသည့် လူငယ်များကို စစ်ကူခေါ်ယူလျက် ဂွမြို့တွင် အခိုင်အမာ ခံစစ် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ