စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

မောင်တော Unicef ရုံး၌ ယူအန်ဒေသဆိုင်ရာဝန်ထမ်းနှင့် မိသားစုဝင် ၂၃ ဦးပိတ်မိနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၁၂ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့ မြို့မကညင်တန်းရှိ Unicef ရုံး၌ ယူအန် ဒေသဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုဝင် ၂၃ ဦးပိတ်မိနေကြဆဲဖြစ်ကြောင်း သတင်းရရှိသည်။

Unicef ရုံးတွင် ပိတ်မိနေသူများမှာ Unicef ရုံးဝန်ထမ်း ၂ ဦးနှင့် မိသားစု ၃ ဦးအပြင် UN ဝန်ထမ်းမိသားစု ၆ ဦး၊ ACF ရုံးဝန်ထမ်း ၆ ဦး၊ မိသားစုဝင် ၅ ဦးနှင့် ဆေးဖက်ဆိုင်ရာဝန်ထမ်း ၁ ဦးတို့ဖြစ်ကြကြောင်း ပိတ်မိနေသူ UN ဝန်ထမ်းများက ပြောဆိုသည်။

ပိတ်မိနေသူ UN ဝန်ထမ်းတစ်ဦးက "ပိတ်မိနေသူထဲမှာ ကလေး ၇ ဦးပါပါတယ်။ လူကြီးက ၁၆ ဦးပါ။ စုစုပေါင်း ၂၃ ဦးပိတ်‌မိနေကြတာပါ"ဟု ပြောဆိုသည်။

ပိတ်မိနေသူများမှာ တိုက်ပွဲများဖြစ်ပွားနေကြပြီး သေနတ်သံများကြောင့် ပြင်ပသို့ လုံးဝမထွက်ဝံ့ဘဲ ရှိနေကြကြောင်း သူက ဆက်ပြောသည်။

"သေနတ်သံတွေက မြို့အတွင်းက နေရာစုံကထွက်ပေါ်နေတယ်။ ဘယ်လို့မှ ထွက်သွားလို့ မရတာပါ။အသက်အန္တယ်ရာယ်ရှိ‌ နေကြပါတယ်။ လက်ကြီးကျည်တွေလည်း ရုံးအနီးမှာ ကျပြီးပေါက်ကွဲတာတွေရှိနေတယ်။ လေကြောင်းက ဗုံးမချနိုင်အောင် ရုံးအခေါင်မှာ UN တံဆိပ် ရေးထားတာတော့ ရှိတယ်"ဟု ပြောကြားသည်။

ထိုအတူ မြို့တွင်း၌လည်း နေထိုင်မကောင်းသူနှင့် မသန်စွမ်းသူအချို့ပါ ပိတ်မိနေကြဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သူတို့သည် မြို့တွင်း၌ပိတ်‌မိနေကြသူများ လွတ်မြောက်နယ် မြေများသို့ ထွက်သွား ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားနိုင်ဘဲ ပိတ်မိနေကြသူများလည်း ဖြစ်သည်။

မောင်တောမြို့၌ပိတ်မိနေကြသည့် အရပ်သားပြည်သူများအား အာရက္ခတပ်တော်(AA)က သြဂုတ်လ ၇ ရက်မှစတင်ကယ်ထုတ်နေခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့ထိ အရပ်သားပြည်သူ ၁၃၀၀၀ ကျော်အထိကယ်ထုတ်နေရာချထားပေးပြီဖြစ်ကြောင်း AA ၏ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ - မောင်တော UNICEF ရုံးအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ