တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ရခိုင်လူငယ်တွေ ဘာပြောနေကြသလဲ ?


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

စောရှင်မေ မေးမြန်းသည်။

နိရဉ္စရာ၊ ဩဂုတ် ၁၂/၂၀၂၄

ယနေ့ သြဂုတ်လ ၁၂ ရက်သည် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့(International Youth Day)ဖြစ်သည်။ သြဂုတ်လ ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် ကမ္ဘာ့ ကုလသမဂ္ဂက ၂ဝဝဝ ပြည့်နှစ်မှစတင် သတ်မှတ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်ကိုလည်း ယင်းနှစ်မှစတင်ကာ ပထမဆုံးအကြိမ် အဖြစ် ကျင်းပခဲ့သည်ဟု သိရသည်။

ယင်းနေ့ဖြစ်ပေါ်လာရခြင်း၏ရည်ရွယ်ချက်မှာ လူငယ်များသည် မိမိမွေးဖွားရာနိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကိစ္စရပ်များကို အာရုံစိုက်လာစေရန်ဖြစ်သည်။

"ယနေ့လူငယ်၊ နောင်ဝယ်လူကြီး"ဆိုသည့်အတိုင်း လူငယ်များသည် တိုင်းပြည်၏ အနာဂတ်သားကောင်း ရတနာများဖြစ်ကြသည်။ သို့သော် နိုင်ငံ၏အာဏာကို မတရား ရယူထားသည့် စစ်ကောင်စီ၏ ပြည်သူများအပေါ် ရက်စက်ယုတ်မာ ဖိနှိပ် ကန့်သတ်မှုများကြောင့် လူငယ်များ၏ အိပ်မက်များသည် လမ်းစရှာမရဘဲ ပျောက်ချင်းမလှ ပျောက်နေကြသည်။ လူငယ်များ စိတ်ကူးစိတ်သန်းကောင်းများဖြင့် ကိုယ်ပြည်၊ ကိုယ့်လူမျိုး တိုးတက်ရာ တိုးတက်ကြောင်း ထိုးထွင်းကြံဆ ဖော်ဆောင်ခွင့်မရဖြစ်နေကြသည်။

သည်အခြေအနေများနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် ရခိုင်လူငယ်အချို့၏ ရင်ဖွင့်စကားသံအချို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။

ကိုကျော်ဝင်းထွန်း (ဓာတုဗေဒမေဂျာ၊ အဝေးသင်ဒုတိယနှစ်)

"တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်း လူငယ်တွေမှာ ပညာသင်ကြားမှုတွေ ဆုံးရှုံးလာတယ်။ ကိုယ်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ဆုံးရှုံးသွားတာမျိုးတွေရှိပါတယ်။ ပညာသင်ချိန် လူငယ်အရွယ်မှာဆို ပျော်ပျော်ပါးပါးကျောင်းတက်နေကြရတဲ့ အချိန်လေ။ ပြီးရင် အခုက တစ်ခုခု သွားလာမယ်လည်း သွားလာလို့မရဘူး။ လမ်းအပိတ်အဆို့တွေများတယ်။ စစ်ဆေးရေးတွေ များတယ်။ အနာဂတ်မှာ မျှော်မှန်းထားတာက လူငယ်တစ်ယောက်အနေနဲ့ကတော့ အများကြီး ရှိကြပါတယ်။ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ မိသားစုအတွက် ရည်မှန်းထားတာတွေ ရှိတယ်။ အခုလို တိုက်ပွဲကာလတွေကြောင့် အားလုံးရပ်ဆိုင်းလိုက်ရတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော်က အလုပ်တစ်ဘက်နဲ့ အဝေးသင်တက်နေရတာပါ။ စစ်ဖြစ်ပြီးတဲ့ နောက်ပိုင်း အလုပ်တွေလည်း ရပ်နားလိုက်ရတယ်။ ကိုယ့်နေရာဒေသမှာ လုပ်ရတာမဟုတ်ဘူး။ တခြားတစ်နေရာမှာ လုပ်ရတာဆိုတော့ တိုက်ပွဲတွေနဲ့ သွားလာလို့မရဘူး။ ရပ်နား လိုက်ရတယ်ဆိုတော့ အများကြီးအခက်အခဲ ကြုံရပါတယ်။ လူငယ်အရွယ်မှာ လုပ်ရမယ့်အရာတွေ၊ သင်ယူရမယ့်အရွယ်တွေမှာ ရပ်ဆိုင်းလိုက်ရတော့ အများကြီး စိတ်ညစ်ရပါတယ်။ ကိုယ်တို့ အသက်အရွယ်တွေကလည်း ကြီးလာပြီ။ ဒါပေမဲ့ လက်ရှိမှာတော့ ပရဟိတပိုင်းတွေမှာ ဝင်ကူပြီးလုပ်နေပါတယ်။ အရင်တုန်းကတော့ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတယ်ဆိုပေမဲ့လည်း လစာရတယ်ဆိုတော့ အဆင်ပြေတာပေါ့။ အခုက အလုပ်လည်း ရပ်လိုက်ရတယ်။ ကျောင်းလည်းမတက်ရဘူးဆိုတော့။ ကိုယ့်ရခိုင်ပြည်အတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်အောင် ပရဟိတအလုပ်ကို လုပ်ဖြစ်နေပါတယ်။ ဒီအတွက်လည်း ကျေနပ်ပါတယ်။ တခြားလူငယ်တွေကိုလည်း ဘာပဲဖြစ်ဖြစ် စိတ်ဓာတ် တစ်ခုမကျဖို့ လောလောဆယ် ပညာရေး၊ စီးပွားရေးကဏ္ဍပိုင်းတွေ မလုပ်ရပေမဲ့လည်း လူသားအကျိုးပြုအတွက် တစ်ဖက်တစ်လမ်းက ကူညီနိုင်ရင် ပိုပြီးကောင်းပါတယ်"
.......

မခိုင်သီရိလှိုင် (အင်္ဂလိပ်မေဂျာ ဒုတိယနှစ်)

"ကျွန်မတို့ အခုကျောင်းတက်နေရတာပေါ့နော်။ ၄ လစာကို ၁ လတည်းနဲ့ သင်နေရတယ်။ ပြီးတော့ စစ်ပွဲကြောင့်ဆိုတော့ ဆရာမတွေလည်း အလုံအလောက်မရှိဘူး။ အရင်တုန်းကဆို စာတွေကို အေးဆေးသင်လို့ရတယ်။ အရင်ဆိုရင် စာတွေကို သိသင့်တာတွေကို သေချာသင်ရတယ်။ ပရောဂျက်တွေ လုပ်ပြီးတော့ သင်ရတာတွေရှိပါတယ်။ အခုက ဆရာမတွေဘက်က ကြည့်မယ်ဆိုရင် စစ်ပွဲနဲ့ဆိုတော့ သင်ရိုးကိုပဲ အမြန်ပြီးအောင်လုပ်ပြီး ပြောင်းရွေ့စာရင်းတွေ တင်ကြတယ်။ အဲ့တော့ ကျောင်းသားတွေက စာသင်ရတာ အမြန်နှုန်းနဲ့ဖြစ်သွားတာပေါ့။ ကျွန်မတို့အနေနဲ့ လုံလုံလောက်လောက် စာတွေကို မသင်လိုက်ရဘူးလို့ ထင်ပါတယ်။ အနာဂတ်တွေလည်း ပျောက်ဆုံးနေတယ်။ ကိုယ့်ဘာကိုယ် ဘာဖြစ်ချစ်လို့ ဖြစ်ချင်မှန်း မသိဘူး။ ဘာလုပ်လို့ လုပ်ရမယ်မှန်းလည်း မသိဘူး။ အရင်တုန်းကဆို ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းတွေ တက်ဖြစ်တယ်။ အခုဆိုရင် အဲ့လိုသင်တန်းတွေလည်း မရှိတော့ဘူး။ ကိုယ်လုပ်တာတွေ၊ ဖြစ်ချင်တာတွေလည်း မလုပ်ရဘူး။ အပြင်ကိုသွားမယ်ဆိုရင်တောင် လုံလုံခြုံခြုံနဲ့ သွားခွင့် မရတော့ဘူးပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကလည်း နီးနီးနားနားတောင် မထွက်ရဲဘူးလေ။ ကြောက်စိတ်က ပိုများလာတယ်။ ကျောင်းတက်ဖို့သွားရင် သူငယ်ချင်းတွေနဲ့ စုပြီးသွားရင်တောင် ကိုယ်က မိန်းကလေးဖြစ်တဲ့အတွက် အိမ်ကစိတ်ပူကြတယ်။ အခုဆို လမ်းမှာ လုံခြုံရေးတွေ၊ အစစ်အဆေးတွေ အများကြီးဆိုတော့လေ။ ပြီးရင် ကျောင်းရောက်ပြန်တော့လည်း ဆရာမတွေ ပြောင်းရွေ့တင်ကြတဲ့အခါ ကျောင်းမှာ ဆရာမတွေက အလုံအလောက်မရှိဘူး။ စာတွေလည်း အလုံအလောက်မသင်ရဘူး။ စာအုပ်ဖိုးတွေ အရင်ကထက်ပိုပြီး ဈေးကြီးတယ်။ ပြီးရင်  ကိုယ်သိချင်တာ အလုံအလောက်မသိရတော့ ကျောင်းတက်ရတာလည်း ပျော်ဖို့မကောင်းဘူးဖြစ်လာတယ်"
.......

မလှလှသိန်း(သင်္ချာမေဂျာ၊ တတိယနှစ်ကျောင်းသူ)

"စစ်ဖြစ်လာတာနဲ့ ပြီးတော့ ကျောင်းသွားတက်တဲ့ အချိန်မှာလည်း မိန်းကလေး၊ ယောက်ျားလေး မခွဲခြားတော့ဘူး။ စစ်တယ်။ အကုန်လုံးကို တစ်ယောက်တည်းဆို မသွားရဲ ဖြစ်လာတယ်။ ပြီးရင် စာရင်းကိုင်သင်တန်း၊ ကွန်ပျူတာသင်တန်းတွေ သွားတက်တော့လည်း ဘယ်သွားလဲ။ ဘာလုပ်ဖို့လဲ။ ပြန်လာမလား။ မလာဘူးလား။ မှတ်ပုံတင်ကအစ စစ်တယ်။ ဒါကြောင့် သင်တန်းတက်ဖို့လည်း အဆင်မပြေဖြစ်လာတယ်။ အဲ့တော့ အိမ်မှာအွန်လိုင်းကနေ တက်တယ်။ နောက်ပိုင်း အွန်လိုင်းလည်း ဖြတ်တောက်ခံရတယ်။ တဖြည်းဖြည်းနဲ့ စစ်တွေမှာ ပိုအနေရကျပ်လာတော့ လွတ်မြောက်နယ်မြေကို ရောက်လာတယ်။ ပြီးရင် အခုအနေအထားက အလုပ်လျှောက်ရဖို့ မပြောနဲ့။ အလုပ်ခေါ်တာလည်း မရှိပါဘူး။ ပြီးရင် ဒီတိုက်ပွဲတွေကြောင့် အလုပ်တွေလည်း အဆင်မပြေဖြစ်လာကြတယ်။ ရှိတဲ့အလုပ်တွေလည်း ဖြုတ်ချ ခံရတာတွေလည်း ရှိပါတယ်။ လူတွေမှာလည်း စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ကအစ အဆင်မပြေနိုင်လာတာပေါ့။ ကျွန်မက အခုဆိုရင် သင်္ချာတတိယနှစ်ပေါ့။ ပထမအဖြတ်ကို မဖြေဝံ့ဖြေဝံ့နဲ့ အရဲစွန့်ပြီး တစ်နှစ်နစ်နာမှာစိုးလို့ ဖြေခဲ့တယ်။ ဒါပေမဲ့ အခုဒုတိယအဖြတ်မှာက စစ်ဆေးရေးတွေက ပိုတင်းကျပ်လာတယ်။ ကိုယ်တွေလွတ်မဲ့နေရာကို ရှောင်ပြေးကြတယ်။ ရွာဘက်တွေမှာလည်း စစ်သားတွေ ဧည့်စာရင်းစစ်တာတွေရှိတယ်။ သေနတ်ဖောက်ပြီး ဝင်လာတာရှိတယ်။ အခုက ကျောင်းဆက်မတက်ဘဲ လွတ်မြောက်နယ်မြေလည်း ရောက်လာတယ်။ အခုအချိန်မှာ ဟိုပြေးဒီပြေးနဲ့ ဘာအလုပ်မှလည်း မရှိဘူး။ သင်တန်းလည်းတက်လို့ မရဘူး။ ပြီးရင် မြန်မာနိုင်ငံမှာက တက္ကသိုလ်ဝင်တန်းအောင်ပြီး ဘွဲ့ရတွေဆိုမှ အလုပ်တွေကလည်း အဆင်ပြေတာကိုး။ အခုက တပိုင်းတစနဲ့ဆိုတော့ မကိုက်ညီတာတွေလည်းရှိတယ်။ ကိုက်ညီတာလည်း ရှိတယ်။ အကုန်လုံးသူကတော့ ဘွဲ့တစ်ခုယူပြီးရင် အလုပ်လုပ်မယ်ဆိုပြီး မျှော်မှန်းထားကြတာလေ။ အခု အသက်တွေလည်း ကြီးလာတယ်။ အလုပ်တစ်ခု ခေါ်တယ်ဆိုရင်တောင် အသက်အရွယ်အပိုင်းမခြားနဲ့လေ။ အလုပ်လည်း မရှိဘူး။ ကျောင်းလည်းမတက်ရဘူး။ အိပ်လိုက်စားလိုက်နဲ့ ဒီလိုဆိုတာရှည် ဘယ်လိုလို့ ခံနိုင်ရည်ရှိနိုင်မလဲပေါ။ စိတ်တွေက မလန်းဆန်းတော့ဘူးပေါ့။ ထိုင်းမှိုင်းလာတယ်။ ဖြည့်စွက်ပြီးပြောချင်တာက အမြန်ဆုံးတိုက်ပွဲတွေ ပြီးစီးစေချင်တယ်။ ကိုယ့်အိမ်ကို ပြန်ချင်တယ်။ ကိုယ့်မိသားစုနဲ့ အေးအေးဆေးဆေး နေချင်ပါတယ်။ တိုက်ပွဲကြောင့်လည်း ဖမ်းဆီးခံရတာတွေ၊ မိသားစု တကွဲတပြားနေရတာတွေရှိတယ်။ အဲ့တော့ တိုက်ပွဲတွေ မြန်မြန် ပြီးစေချင်တယ်"

.....

ကိုမောင်ဖြိုးဟိန်း (သတင်းနှင့်ပြန်ကြားရေးမှူး၊
ရခိုင်ပြည် တက္ကသိုလ်ကျောင်းသား
သမဂ္ဂ)

"လက်ရှိလူငယ်တွေအနေနဲ့ တကျော့ပြန်တိုက်ပွဲကာလအတွင်းမှာ ပညာသင်ခွင့်တွေ ဆုံးရှုံးနေရပါတယ်။ အလုပ်အကိုင်တွေ ရှားပါးနေတယ်။ စစ်ကောင်စီတွေရဲ့ စစ်မှုမထမ်းမနေရ အခြေအနေတွေကြောင့် လူငယ်တွေက လွတ်မြောက် နယ်မြေတွေကို တိမ်းရှောင် နေကြရပါတယ်။ လူငယ်တွေ အနာဂတ်တွေက လုံးဝကိုပျောက်ဆုံးနေပါတယ်။ ကျွန်တော်တို့ အာရက္ခ လူငယ်တွေက ပညာသင်အခွင့်အရေးတွေဆုံးရှုံးမှု၊ စီးပွားရေး၊ အလုပ်ကိုင်အခွင့်လမ်းတွေရှားပါးမှု၊ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲမှုတွေကြောင့် သက်အန္တရာယ်တွေ ရင်ဆိုင်နေကြရပါတယ်။ အဲ့ဒီကြောင့် အသက်ရှင်ဖို့ကိုတောင် တစ်ရက်ထက်တစ်ရက် ရုန်းကန်လှုပ်ရှားပြီးတော့ ကြောက်လန့်စိတ်အပြည့်နဲ့ ရှင်သန်နေကြရပါတယ်။ ဒါကြောင့် လူငယ်တွေ အနာဂတ်က လုံးဝ ပျောက်ဆုံးနေပါတယ်။ ကျွန်တော်တို့ အာရက္ခပြည်သူတွေကို ပြောချင်တာက ကျွန်တော်တို့ အနာဂတ်တွေ အမှောင်ချခံရ၊ ပျောက်ဆုံးနေကြရတာက အခုအချိန်မှ မဟုတ်ဘူး။ နှစ်ပေါင်း၂၀၀ ကျော် ကြာခဲ့ပြီပေါ့နော်။ အခုအချိန်ဟာ အာရက္ခတစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကို အာရက္ခတပ်တော်နဲ့အတူ အာရက္ခပြည်သူတစ်ရပ်လုံးဟာ တစ်သွေးတည်း တစ်သားတည်းနဲ့ တော်လှန်တိုက်ထုတ်နေကြရတဲ့ အချိန်ကာလဖြစ်တယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်ဟာ ဒီအမျိုးသားတော်လှန်ရေး အောင်ပွဲဆင်နိုင်မှ၊ တော်လှန်ရေးပြီးဆုံးတဲ့အခါမှသာ ကျွန်တော်တို့ လိုချင်တဲ့ အနာဂတ်ကို ကျွန်တော်တို့ လက်နဲ့ ကိုယ်တိုင် ထုဆစ်နိုင်မှာဖြစ်ပါတယ်။ သန်းခေါင်ထက် ညဥ့်မနက်တော့မှာဖြစ်လို့ အာရက္ခလူငယ်တွေအနေနဲ့ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အမျိုးသားတော်လှန်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်နဲ့  ပူးပေါင်းပါဝင်ဖို့ အာရက္ခလူငယ်တွေကို တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂလည်း စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခြင်းနဲ့အတူ အာရက္ခပြည် တည်ဆောက်ရေး ကဏ္ဍတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင်နေပါတယ်။"

ဆက်စပ် သတင်းများ