အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တောမြို့တွင် ဖမ်းဆီးခံရသည့် အစိုးရဝန်ထမ်းများအပါအဝင်‌‌ ဒေသခံ ၂၀ ကျော် အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

နောင်မင်းသူ၊ နိရဉ္စရာ၊ဩဂုတ် ၁၂ /၂၀၂၄

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အစိုးရဝန်ထမ်းများအပါအဝင် ဒေသခံ လူပေါင်း ၂၀ ကျော်မှာ သတင်းတစ်စုံတစ်ရာ မကြားရဘဲ ပျောက်ဆုံးနေသည်ဟု မိသားစုများက ပြောကြားသည်။

ဖမ်းဆီးခံရသူများအထဲတွင် မြေစာရင်းလက်ထောက်ဦး သိန်းကျော်မောင်(ဘ) ဦးကျော်သိန်းပါ ၄ ဦး၊ မောင်တောဆေးရုံမှ ဝန်ထမ်း နှစ်ဦးဖြစ်ကြသည့် ဦးရဲမင်းနှင့် ဦးရဲမင်းဦးနှင့် နောက်ထပ် အရပ်သား ၂၀ ကျော်တို့ဖြစ်ကြသည်ဟုဆိုသည်။

“ ဖမ်းတာက မေလလယ်လောက်ကတည်းက ဖမ်းတာပါ။ အခုထိ မိသားစုနဲ့ အဆက်အသွယ် မရပါဘူး။ နခခ (၅) မှာချုပ်ထားတယ်လို့သာ ကြားပါတယ်။ ကြားသာကြားရတာ အဆက်အသွယ်မရပါဘူး”ဟု ၎င်းမိသားစုနှင့် နီးစပ်သူက ပြော သည်။

မြေစာရင်းလက်ထောက်ဦး သိန်းကျော်မောင်(ဘ) ဦးကျော်သိန်း ပါ ၄ ဦးသည် မေလ ၁၆ ရက် နံနက် ၁၀နာရီခန့်တွင် မိသားစုအား လောင်းဒုံကျေးရွာတွင် နေရာချထားပေးပြီး ပြားသားရွာက ဘုတ်ငှားပြီး မောင်တောမြို့ နေအိမ်သို့ ပြန်လာစဉ် ဟာဘီရွာကင်းစခန်းက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

အလားတူ မောင်တောဆေးရုံမှ ဝန်ထမ်းနှစ်ဦးဖြစ်ကြသည့် ဦးရဲမင်းနှင့် ဦးရဲမင်းဦးတို့ကိုလည်း မေလ ၁၅ ရက် ည ၅ နာရီအချိန်တွင် မောင်နီရွာသို့ သွားရောက်ကြစဉ်စစ်တပ်က ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယနေ့အချိန်ထိ သတင်းတစ်စုံတစ်ရာ မရဘဲ ပျောက်ဆုံးနေသည်ဟုမိသားစုများကပြောဆိုသည်။

၎င်းပြင် မောင်တော ဗိုလ်မူးရွာတွင်နေထိုင်သူမျာဖြစ်သော ဦးမောင်မောင်ချေ၊  ဦးကျော်ခိုင်၊ ထွန်နိုင်ဝင်း စုစုပေါင်း ၉ ဦးကို စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် မွတ်ဆလင် လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ လူငယ် ၂ ဦးသာ လွတ်မြောက်လာပြီး ကျန် ၇ ဦးမှာ ပျောက်ဆုံး နေသည်ဟု သိရသည်။

ထို့အတူမေလ ၃၀ ရက်နေ့တွင် ကသည်းလူမျိုးများမှ အပ်ထားခဲ့သည့်  လက်နက် ၃ လက်ဖြင့် ဖမ်းဆီးခံထားရသည့် အောင်မြေဗောဓိကျေးရွာမှ ဒေသခံ ၆ ဦး ဖြစ်သည့် ဦးဒေါင်းပြောက်(ဘ) စိန်ရွှေမောင်၊ မောင်မောင်ချေ(ဘ)ဦးမောင်တင်၊ အရိုး(ဘ) မောင်ချေ၊ နေမျိုးထွန်း(မီးသတ်တပ်ဖွဲဝင်)၊ ဦးမြတ်နိုင်(ဘ)ထွန်းရီ နှင့် ဟိန္ဒူတစ်ဦးတို့ အနက် ဟိန္ဒူတစ်ဦးသာလွတ်မြောက်လာခဲ့ပြီး ကျန် ၅ ဦးမှာ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိကြောင်းမိသားစုများထံမှသိရသည်။

မောင်တောမြို့မ‌မြောက်ရပ်ကွက်ဝိမလမှဒေသခံလူငယ် ၅ ဦးဖြစ်ကြတဲ့ အဝင်းချေ၊ ကျော်နိုင်ဦး(ခ) ကွမ်းသီး၊ နိုင်နိုင်ဇော်၊ လဘုချေ၊ ဇီးကွက်ချေတို့အားလည်း စစ်တပ်မှ ဖမ်းဆီးထားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်းမိသားစုဝင်များ‌ကပြောဆိုသည်။

"သူတို့ ၅ ဦးထဲမှာ တစ်ဦးကတော နေမကောင်းလို့ သေဆုံးသွားပြီလို့သတင်းကြားသိရတယ်။ ကျန် ၄ ဦးကတော့ မလွတ်သေးဘူး။ တစ်ခြား အထက(၂)မှာ ဖမ်းထားတဲ့ အရပ်သား  ၄ ဦးကိုတော့ နယ်ခြားစောင့်တွေ လွတ်ပေးခဲ့ကြတယ်"ဟု မိသားစုဝင်တစ်ဦးကပြောဆိုသည်။

ဇူလိုင် ၂၂ ရက်နေ့၌ ဗိုလ်မှူးရွာသို့ အပြန်လမ်း၌ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင် လက်နက်ကိုင်များ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့်  ဦးကျော်စိန်အောင် (ဘ)ဦးမဲမောင်နှင့် ဇူလိုင် ၂၇ ရက်နေ့ ၌ အမှတ်(၁)ရပ်ကွက်ဈ ရှိတ္တာရွာနေအိမ်မှ ဦးမောင်အေး အပြင် ရွှေဇားမှဟိန္ဒူ လူမျိုး  ၂ ဦးမှာလည်းပျောက်ဆုံးလျှက်ရှိနေကြောင်းသိရသည်။

မောင်တောမြို့မှ မွတ်ဆလင်တချို့လည်း စစ်ကောင်စီတပ်က ဖမ်းဆီးခံထားရသည်ဟု သိရှိရသော်လည်း စုံစမ်းမေးမြန်းရန် ခက်ခဲတွေ့နေ၍ အရေအတွက်နှင့် သူတို့၏ အမည်များကို ဖော်ပြနိုင်ခြင်း မရှိပါ။

သို့သော် မောင်တောမြို့ နခခ(၅) တွင် ရခိုင်၊ မွတ်ဆလင်နှင့် ဟိန္ဒူလူမျိုး ၁၀၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး လူသားဒိုင်ကာအဖြစ် အသုံးပြုထားသည်ဟု ဒေသခံများက ပြောဆိုသည်။

ဆက်စပ် သတင်းများ