စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

မောင်တော နခခ(၅)အနီးရှိ ကာကင်းစခန်း ၆ ခုကို AAသိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

(စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲချကာ နေဗီနှစ်စီးမှလည်း အဆက်မပြတ်ပစ်ခတ်နေ)

နောင်မင်းသူ၊ နိရဉ္စရာ၊ဩဂုတ် ၁၃/၂၀၂၄

ရခိုင်ပြည်၊ မောင်တောနခခ(၅)တပ်ရင်းအနီးရှိ စစ်ကောင်စီ ကာကင်းစခန်း ၆ ခုအား ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းတွင် အာရက္ခတပ်တော် (AA) မှ အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ်အရ သိရသည်။

"နခခ(၅) တပ်ရင်း ရှေ့မှာ စစ်ကောင်စီဖက်က ကင်ကင်းစခန်း‌တွေများစွာ ချထားတယ်။  အစိုးရ အထပ်မြင့် အဆောက်အဦတွေမှာလည်း ကာကင်းတွေချထားတယ်။ အဲဒီအထဲက ကာကင်း ၆ ခုလောက်က အေအေလက်ထဲကို ရောက်သွားပြီ။  အဆောက်အဦတွေက ကျယ်ပြန့် ခိုင်ခန့်တယ်။ AA ဖက်က အဲဒီ ကာကင်းကို ဒီနေ့မနက်မှာ သိမ်းလိုက်ပြီလို့သိရတယ်။ နောက်ထပ် ကာကင်တွေကို ဆက်လက်သိမ်းပိုက်ဖို့ ဆက်တိုက်နေတယ်လို့ သိရတယ်" ဟု သတင်းရင်းမြစ်ကပြောကြားသည်။

အာရက္ခတပ်တော်က တိုက်ခိုက်နေသည့် နခခ (၅) နယ်ခြားစောင်းစခန်းသည် မောင်တောမြို့ အရှေ့ဘက် ၂ မိုင်ခွဲအကွာတွင် တည်ရှိပြီး မောင်တောမြို့နယ်တွင် တစ်ခုတည်းသော ကျန်ရှိနေသည့် လက်ကျန်စခန်းဖြစ်သည်။

စစ်ကောင်စီသည် နခခ(၅) မကျစေရန် အနည်းဆုံး ကာကင်းစခန်း ၁၀ခုခန့်အား နခခ (၅) ပတ်ဝန်းကျင်တွင် အခိုင်အမာတည်ဆောက် အခြေချထားကာ အေအေထိုးစစ်ကို ခုခံ ကာကွယ်နေသော်လည်း  AA မှ ထိုစစ် အရှိန်ကို မြှင့်တင်တိုက်ခိုက်ပြီးနောက် ကာကင်းကြီးတစ်ခုအပါအဝင် ၆ ခုကျသွားခဲ့သည်ဟု ဆိုသည်။.

"နခခ(၅)ကိုတော့ အေအေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ နခခ(၅) ကို မြေပြင်က ဝင်ရောက် သိမ်းပိုက်ဖို့အန္တရယ်များတယ်။ မိုင်းထောင်ထားတာ ခြံစည်းရိုး ၃ ထပ်ရှိတယ်။ တပ်ပတ်လည် ကွင်းပြင်တွေမှာလည်း မိုင်း‌ရာချီပြီး ထောင်ထားတယ်"ဟု မောင်တော ပကတိမြေပြင်အခြေအနေ အားနားလည်သုံးသပ်နိုင်သူ တစ်ဦးပြောဆိုသည်။

စစ်ကောင်စီ၏ လေတပ်မှလည်း တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို  အဆက်မပြတ်ဗုံးလာကြဲနေသလို နတ်မြဟ်၀ရှိ နေဇီမှလည်း အမြောက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။

အာရက္ခတပ်တော်သည် သြဂုတ်လ ၉ ရက်မှ စတင်ပြီး  မြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြကာ  မြို့ထဲတွင် ရက်ပေါင်းများစွာ ပိတ်မိ‌နေခဲ့ကြသည့် ရခိုင်၊ဟိန္ဒူ၊ မွတ်ဆလင် ဒေသခံ  ၁၃၀၀၀ ကျော် ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင်မောင်တောမြို့အား သုံးပုံနှစ်ပုံသိမ်းပိုက်ထားပြီး‌ မောင်တော၌ စစ်‌ကောင်စီ၏‌ နောက်ဆုံး တပ်ရင်း နခခ(၅)အား အလုံးစုံသိမ်းပိုက်ရရှိရေး ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်လျှက် ရှိနေကြောင်း သိရသည်

မောင်တောမြို့သိမ်းတိုက်ပွဲမှာ အလွန်ပြင်းထန်နေကြီး စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဉ်များဖြင့် နေ့စဉ် ဗုံးကြဲ ချနေပြီး မောင်တောအနီးပင်လယ်ပြင်ရှိ  နေဗီနှစ်စီးမှလည်း  ဩဂုတ်လ ၁၂ ရက်နေ့ ညအချိန်မှစပြီး ဩဂုတ်လ ၁၃ ရက်ယနေ့လက်ရှိအချိန်အထိ အမြောက်များဖြင့် အဆက်မပြတ် ပစ်ကူပေးလျှက် ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ဆက်စပ် သတင်းများ