အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အမ်းတွင် ဝန်ထမ်းအချို့အပါအဝင် ၁၆ ဦးကို ထောင် ၃ နှစ်စီချမှတ်ကာ ချက်ချင်း စစ်လေယာဉ်ဖြင့် အင်းစိန်ထောင်သို့ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 6k

မောင်စာဂ၊ သြဂုတ် ၁၃/၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့တွင် အာရက္ခတပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည် လူမှုရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦးနှင့် ဌာနဆိုင်ဝန်ထမ်းအချို့ အပါအဝင် ၁၆ ဦးကို ထောင် ၃ နှစ်စီချမှတ်ကာ အင်းစိန်ထောင်သို့ ချက်ချင်း ပို့ဆောင်လိုက်ကြောင်း သိရသည်။

အင်းစိန်ထောင်သို့ပို့ဆောင်ခံလိုက်ရသူများမှာ အမ်းမြို့၊ လေယာဥ်ကွင်းရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အသက် ၃၀ ကျော်အရွယ် မမီးမီး(ခ) မယွန်းသူသူအောင် (ခ)မအေးအေးနိုင်၊ အမ်းမြို့နယ် စီမံကိန်းရေးဆွဲရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောရွှေမောင် (၅၀)နှစ်ခန့်၊ ကျောင်းဆရာတစ်ဦးနှင့် Mytel ဆက်သွယ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးအပါအဝင် စုစုပေါင်း ၁၆ ဦးဖြစ်သည်။

သူတို့ကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်၊ နံနက်မှစတင်ကာ ယင်းနေ့ည ၁၀ နာရီခွဲအထိ အမ်းမြို့နယ် တရားရုံးတွင် တပြိုင်တည်းအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက နိရဥ္စရာကို ပြောသည်။

"အမ်းမြို့ဟာ စစ်ခုံရုံးနဲ့ တရားစွဲဆိုတဲ့အနေအထားမျိုးမရှိပေမဲ့ အခုလို နေ့ချင်းပြီး စစ်ဆေးပြီးတော့ အမိန့်ချမှတ်နေတာဟာ စစ်ခုံရုံးလိုပဲ စွပ်စွဲခံရသူတွေဘက်က ချေပပြောဆိုတင်ပြပိုင်ခွင့်၊ တစ်နည်းအားဖြင့် ဥပဒေပါ အခွင့်အရေးတွေကို ရပိုင်ခွင့်မရှိဘဲ အမြင့်ဆုံး ပြစ်ဒဏ်ကိုချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အပေါ်က ဖိအားတွေ ပါရှိတယ်ဆိုတာ သုံးသပ်မိပါတယ်"ဟု ပြောသည်။

သူတို့ ၁၆ ဦးကို ယမန်နေ့ သြဂုတ်လ ၁၂ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ထောက်ပို့ လေယာဥ် တစ်စီးဖြင့် ရန်ကုန်ရှိ အင်းစိန်အကျဥ်းထောင်သို့ ပို့ဆောင်လိုသည်ဟုလည်း သူက ပြောသည်။

သူတို့အနက် လူမှုရေးတက်ကြွလှုပ်ရှားသူ မမီးမီးကို ပညာရေးဝန်ထမ်းဖြစ်သည့် သူ့အမျိုးသားနှင့်အတူ အမ်းမြို့နယ်ပညာရေးမှူးရုံးသို့ မကြာသေးခင်က လစာလာထုတ်ရာတွင် နှစ်ဦးစလုံးကို စရဖကဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းနောက် စရဖရုံးတွင် ဖမ်းဆီးစစ်ဆေးပြီး သူ့အမျိုးသားကို ပြန်လွှတ်ပေးခဲ့သော်လည်း သူမကို ၁၇(၁)ဖြင့် တရားစွဲထောင်ချလိုက်ခြင်းဖြစ်သည်။

"သူက ဟိုနှစ်က အမ်းမှာ နီပွန်ဖောင်ဒေးရှင်းက ဆန်လှူရာမှာ ဝင်ကူပေးတာကို AA ကို ဆန်ထောက်ပံ့တယ်ဆိုပြီး မတရား ဖမ်းဆီးထောင်ချလိုက်တာ"ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

အလားတူ အမ်းမြို့နယ် စီမံကိန်းရေးဆွဲရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောရွှေမောင်ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ဖမ်းဆီးပြီး ယခုမှ ထောင်ချလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

နောက်ထပ် ၁၄ ဦးကိုမူ မည်သည့်နေ့က မည်သည့်နေရာတွင်ဖမ်းဆီးခဲ့သည်ဆိုသည်ကို အသေးစိတ် မပြောနိုင်သေးဟု ဆိုသည်။

 

-----

ဆက်စပ် သတင်းများ