ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်သည့်စာကြောင့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့တွင် ပြည်သူများအထိတ်တလန့်ဖြစ်ကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 9.3k

နှင်းနွယ်နီ၊ နိရဥ္စရာ၊ သြဂုတ် ၁၃/၂၀၂၄

ရခိုင်ပြည်နယ် စစ်ကောင်စီက သတိပေးစာတစ်စောင် ထွက်ပေါ်လာပြီးနောက် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့ကို စစ်ကောင်စီက ဗုံးကြဲမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေ၍ ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြပြီး တချို့နေရာများတွင် မြို့ကို စွန့်ခွာနေကြသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်တွင် "ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် မြို့ရွာအတွင်းရှိ AA အဖွဲ့အား စစ်ကောင်စီက အချိန်နှင့်တပြေးညီ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အသက်အန္တရာယ်ရှိလာနိုင်သဖြင့် မိမိတို့ဘေးအန္တရာယ်လုံခြုံရေးအတွက် နေအိမ်ရှိ တန်ဖိုးကြီးပစ္စည်းများယူဆောင်၍ ရှောင်ရှား နေထိုင်ကြရန် အသိပေး အကြောင်းကြားသည်" ဟု ဆိုပြီး ထုတ်ပြန်ထားသည်။

ထို့သို့ ထုတ်ပြန်ချက်ကြောင့် ပြည်သူများအကြား စိုးရိမ်မှုမြင့်တက်နေကြီး ယင်းမြို့နယ် ၃ ခုမှ ပြည်သူများမှာ စစ်ကောင်စီက ဗုံးလာကြဲမည်ကို စိုးရိမ်နေကြပြီး ထွက်ပြေးနေကြပြီဟု ဒေသခံများက ပြောကြသည်။

ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက “စစ်ကောင်စီက ဗုံးလာကြဲမယ်ဆိုတဲ့သတင်း မြို့ထဲမှာ အရမ်းပြောနေကြတယ်။ ဘယ်နေ့လာကြဲမလဲ အရမ်းစိုးရိမ်နေကြပါတယ်။ ကျမတို့လည်း စစ်တွေကနေ စစ်ရှောင်လာကြတာပါ။ အခုလည်း ဗုံးလာကြဲမယ်ဆိုလို့ တခြားနေရာကို ပြေးဖို့ စီစဥ်နေကြပါပြီ”ဟု နိရဥ္စရာကိုပြောသည်။

မြောက်ဦးမြို့တွင်ဆိုလျှင်လည်း ဗုံးကြဲမည့်သတင်းကို တစ်မြို့လုံးနီးပါးတွင် ပြောဆိုနေကြပြီး လူတိုင်း စိုးရိမ်နေကြကာ မြို့ပေါ်မှ လေယာဥ်ဖြတ်သွားလျှင်ပင် ဗုံးခိုကျင်းထဲ ပြေးဝင် ခိုလှုံနေကြရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“စိုးရိမ်တယ်ဆိုတာမှာ လေယာဥ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲကို ချက်ချင်း ဝင်ပြေးတာပဲ။ မနေ့ကဆို ဥပုသ်နေ့ဆိုတော့ ဥပုသ်စောင့်နေရင်း ဂျက်လေယာဥ်တွေ ပျံတဲ့အသံတွေ ကြားနေရတော့ စိတ်မဖြောင့်ဘူး။ စစ်ကောင်စီက ဗုံးကြဲမယ့်သတင်းကြားနေရတော့ အားလုံး စိုးရိမ်သောက ရောက်နေကြတယ်။ ပြေးဖို့ မြေလည်း မရှိဘူး။ ပြေးရင်လည်း ဒီလောက် စားဝတ်နေရေးချို့တဲ့နေတာမှာ ဘယ်နေရာကို သွားပြေးမလဲ။ လမ်းစရိတ်လည်း စျေးကြီးတယ်” ဟုပြောသည်။

လက်ရှိတွင် မြောက်ဦးမြို့ပေါ်မှ ငွေကြေးတတ်နိုင်သူအချို့နှင့် ဘေးကင်းရာနေရာများတွင် ဆွေမျိုးရှိသည့် ဒေသခံအချို့မှာ ဗုံးလာကြဲမည်ဆိုသည့် သတင်းများကြောင့် မြို့ကို စွန့်ခွာနေကြပြီ သူက ဆက်ပြောသည်။

မြောက်ဦးမြို့တွင် လူစည်ကားသည့် နေရာအား ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁၂ နာရီကျော်က စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၆ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အရပ်သားများအကြားတွင် စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေသည်ဟု သိရသည်။

ထို့အပြင် မင်းပြားမြို့တွင်လည်း စစ်ကောင်စီက ဗုံးလာကြဲမည့်သတင်းများ ပျံ့နှံ့နေ၍ ပြည်သူများ ကျီးလန့်စာစားဘဝဖြင့် နေနေကြရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“လေယာဥ်တွေလည်း တစ်ရက်မှာ နှစ်ခါသွား၊ သုံးခါသွား ဖြတ်သွားကြတယ်။ ကလေးတွေဆိုရင် လေယာဥ်သံကြားတာနဲ့ ဗုံးတွင်းထဲကို ပြေးကြတယ်။ ကျီးလန့်စာ စားနေကြရတဲ့ ဘဝတွေဖြစ်နေကြရတယ်။ လေယာဥ်သံကြားရင် အမြင့်ကလား၊ အနိမ့်ကလား ကြည့်နေရတယ်” ဟုပြောသည်။

ယခုလက်ရှိတွင် မင်းပြားမြို့ပေါ်၌ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရ၍ ဗုံးလာကြဲမည်ဆိုသည့် သတင်းကို မယုံထက်ဝက်၊ ယုံထက်ဝက်ဖြစ်နေပြီး မြို့ကို စွန့်ခွာသူများ မရှိသေးသော်လည်း ပြည်သူများ အလွန်စိုးရိမ်နေကြသည်ဟု သူက ဆက်ပြောသည်။

“နောက်ထပ်‌ပြေးရမယ်ဆိုရင် လမ်းခရီးစရိတ် မရှိတဲ့သူတွေမှာ မတတ်နိုင်ကြဘူး။ စားဖို့တောင် အနိုင်နိုင်ဖြစ်နေကြတာမှာ ထပ်ပြေးရမယ်ဆိုရင် အရမ်းအခြေအနေဆိုးသွားမယ်ဆိုပြီး စိုးရိမ်နေကြတယ်။ မြောက်ဦးကိုလည်း နှစ်ခါ လောက် ဗုံးကြဲထားတော့ မင်းပြားက လူတွေလည်း အရမ်းကြောက်နေကြတယ်။ လောလောဆယ်မှာတော့ မြို့ကို စွန့်ခွာကြတာတော့ မရှိသေးဘူး။ အရမ်းစိုးရိမ်နေကြတယ်” ဟု ပြောသည်။

စစ်ကောင်စီက သြဂုတ်လ ၁၁ ရက်တွင် ဝါဒဖြန့်စာ ထုတ်ပြန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်(AA)‌ ပြောခွင့်ရသူ ဦးခိုင်သုခက အဆိုပါထုတ်ပြန်ချက်မှာ စစ်ကောင်စီက ပြည်သူများကို အကြမ်းဖက်မှုများ ပိုပြီးလုပ်လာမည်ဆိုပြီး ခြိမ်းခြောက်နေခြင်းဖြစ်၍ ပြည်သူများအနေဖြင့် လုံခြုံရေး၊ စစ်ရေးသတိ အမြဲရှိနေကြဖို့ လိုအပ်သည်ဟု နိရဥ္စရာကိုပြောထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် သူတို့လက်လွှတ်လိုက်ရသည့် မြို့များမှ အရပ်ဘက်ပစ်မှတ်များကို အကြမ်းဖက်တိုက်ခိုက်မှုများ ပိုပြီးလုပ်ဖို့အတွက် အချက်ပြလိုက်ခြင်းဖြစ်ကြောင်းလည်း ဦးခိုင်သုခက ပြောဆိုခဲ့သည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် ရခိုင်မှ မြို့ကြီး(၉) မြို့ကို သိမ်းပိုက်ထားပြီး သံတွဲမှ လက်ကျန် မောင်ရွှေလေးရေတပ်၊ အမ်း၊ ဂွမြို့နယ်ရှိ ကျိန္တလီမြို့နှင့် မောင်တောမြို့မှ တစ်ခုတည်းသော လက်ကျန်စခန်းဖြစ်သည့် နခခ(၅) ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဓာတ်ပုံ - တကျော့ပြန်တိုက်ပွဲဖြစ်ပြီးနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ပေါက်တောမြို့နယ်မှ နေရပ်စွန့်ခွာထွက်ပြေးခဲ့သူအချို့အား တွေ့ရစဥ်။

ဆက်စပ် သတင်းများ

မြောက်ဦးရေပြန်ကျ
  • Web Master
  • ၀၄ သြဂုတ် ၂၀၂၄
မြောက်ဦးရေပြန်ကျ