ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့အစွန် ငါးရှာထွက်သူတစ်ဦး မိုင်းနင်း၍ ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ဆလိုင်းမိုးအောင်

နိရဉ္စရာ၊ သြဂုတ် ၁၃/၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့အစွန်တွင် ငါးရှာထွက်သူတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ တောင်ကုတ်မြို့၊ မီးစက်ကွက်သစ်၊ ၄ လမ်းမှ အသက်(၃၇)နှစ်အရွယ် ဦးမောင်ပုဖြစ်သည်ဟု သိရသည်။

ဦးမောင်ပုသည် ယနေ့သြဂုတ်လ ၁၃ ရက်၊ ညနေ ၄ နာရီခွဲခန့်က တောင်ကုတ်မြို့အစွန်ရှိ သုသာန်ဟောင်းအနီးတွင် ငါးရှာထွက်ရာမှ စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းကိုနင်းမိခြင်းဖြစ်ပြီး ညာဘက်ခြေထောက်၏ ခြေချင်းဝတ်နေရာတွင် ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြို့ခံတစ်ဦးကပြောသည်။

"ဒဏ်ရာကတော့ ပြင်းတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး။ ညာဘက်ခြေထောက် ခြေချင်းဝတ်နားကို ဖြတ်လိုက်ရမယ်။ တောင်ကုတ်မြို့က နေရာတော်တော်များများမှာ စစ်တပ်က မိုင်းထောင်လို့ရှိတယ်" ဟုပြောသည်။

လက်ရှိတွင် ဦးမောင်ပုမှာ မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ရခိုင်တွင် ယခုသြဂုတ်လအတွင်း မောင်တောမြို့နယ်တွင် မိုင်းနင်းမိ၍ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာသွားခဲ့ပြီဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီထောင်ထားသည့်မိုင်းကိုနင်းမိ၍ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ ဒေသခံတစ်ဦးသေဆုံးပြီး ပုဏ္ဏားကျွန်းနှင့် မင်းပြားမြို့နယ်တို့မှ ဒေသခံတစ်ဦးစီ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ရခိုင်တွင် ဒေသခံအများစုမှာ တောတောင်ကို မှီခိုကာ လုပ်ကိုင်စားသောက်နေရပြီး ကျေးလက်ဒေသခံများမှာ ရွာနီးစပ်နားရှိ တောတောင်များတွင် ငါးရှာ ဟင်းခူးသွားရာမှ နေ့စဥ်ရက်ဆက်ဆိုသလို မကြာခဏ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှုများရှိနေကြသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ