သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

AA သံသယဖြင့် တရားစွဲခံထားရသူ ၂၀ ခန့်ကို တောင်ကုတ်ရဲစခန်းမှ စကခ(၅)သို့ ပြောင်းရွှေ့သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

(နောက်ထပ် ၁၂ ဦးကိုလည်း အင်းစိန်ထောင်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်နေ)

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၁၃/ ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရဲစခန်းရှိ အာရက္ခတပ်တော်(AA) သံသယဖြင့် တရားစွဲ ခံထားရသူ ၂၀ ခန့်ကို တောင်ကုတ်ရှိ စကခ(၅)သို့ ပြောင်းရွေ့သွားပြီး ကျန်ဒေသခံ ၁၂ ဦးကိုလည်း အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။

ဥပဒေပုဒ်မအမျိုးမျိုးဖြင့် တရားစွဲခံနေရသူ ၂၀ ဦးအား သြဂုတ်လ ၉ ရက်၊ ညဥ့်အချိန်တွင် အိမ်စီးကားများဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“တစ်ခုခုဖြစ်လာရင် လူသားဒိုင်းကာအဖြစ်လုပ်ဖို့ပါ။ မြောက်ဦးက ကိုရင်ဆို့တို့၊ ကိုဖိုးသီဟ တို့လို ဖြစ်သွားမှာကိုလည်း စိုးရိမ်ရတယ်။ စစ်တပ်ကိုအပြောင်းခံထားရတဲ့လူတွေက အန္တရာယ်များတယ်”ဟု ပြောသည်။

ယခု တောင်ကုတ် စကခ(၅)သို့ပို့ဆောင်ခံထားရသူများသည်လည်း ကိုရင်ဆို့တို့ကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံရမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်းဖြစ်သည်။

ယင်းအပြင် တောင်ကုတ်ရဲစခန်းမှ အချုပ်သား ၁၂ ဦးကိုလည်း ပြည်မသို့ပို့ရန် စစ်ကောင်စီက ထပ်မံစီစဥ်နေသည်ဟု မြို့ခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“အဓိက ဒေသခံ ၁၂ ဦးကို တိုက်ပွဲဖြစ်လာရင် မြို့ကို အာရက္ခတပ်တော်ကသိမ်းရင် AA ကကယ်ထုတ်ရင် သံတွဲ၊ ဘူးသီးတောင်လိုမျိုး လွတ်သွားမှာကို စစ်ကောင်စီက မလိုလားဘူး။ သူတို့ဖက်ကတော့ တောင်ကုတ်မှာထောင်မရှိဘူးဆိုပြီး အကြောင်းပြတယ်။ သံတွဲကလည်း သိမ်းထားပြီဆိုတော့ အကျဥ်းထောင်မရှိတော့ဘူး။ အင်းစိန်ကို ပို့မယ်လို့ ကြားရပါတယ်”ဟု ပြောသည်။

၎င်းတို့ ၁၂ ဦးအထဲတွင်  တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ ဦးထွန်းချစ်၊ ဂူတာရပ်ကွက်မှ အောင်မျိုးထိုက်၊ မျိုးမြင့်၊ အောင်မြသိန်း၊ အောင်ခင်၊ ကန်ပိုင်ရပ်ကွက်မှ ကြာနီအောင်၊ ကြိုးကြာကွင်းကျေးရွာမှ ဝင်းနိုင်၊ မှိုဟင်းတောကျေးရွာမှ ကျော်သောင်းနှင့် ဒုံကျေးရွာမှ မိုးမင်းတို့ ပါဝင်သည်ဟု သိရသည်။

သူတို့အားလုံးကို တောင်ကုတ်တွင် တိုက်ပွဲဖြစ်လာပါက တောင်ကုတ်ရဲစခန်းမှ လွတ်မြောက် သွားမည်ကို စစ်ကောင်စီကမလိုလား၍ အခြားနေရာများသို့ ပြောင်းရွေ့ခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်မှုများရှိနေကြသည်။

လက်ရှိ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးအခြေအနေ တင်းမာလျက် ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့အတွင်းတွင် စစ်ရေးလှုပ်ရှားမှုရှိနေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ