အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ် အကျအဆုံးများဖြင့် ကျိန္တလီမြို့မှ နောက်ဆုတ်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၁၄ / ၂၀၂၄

အာရက္ခတပ်တော်(AA) မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကျိန္တလီမြို့တွင်  စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့အကြား ပြင်းထန်စွာဖြစ်ပွားပြီးနောက် ယနေ့ ဩဂုတ် ၁၄ ရက်နေ့၌   စစ်ကောင်စီတပ်သည် အကျအဆုံးအများအပြားဖြင့် မြို့ကနေ နောက်ဆုတ်သွားကြောင်း သိရသည်။

ကျီန္တလီမြို့ကို AA က ဩဂုတ်လ ၁၀ ရက် ညနေပိုင်းတွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ရေကြောင်း၊ လေကြောင်းပစ်ကူများဖြင့် အသည်းအသန် ခုခံနေရာမှ ယနေ့ သြဂုတ် ၁၄ ရက်တွင် စစ်ကောင်စီမြေပြင်တပ်တချို့ ဆုတ်ခွာရသည့် အခြေအနေကို ရောက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဂွမြို့ဒေသခံတစ်ဦးက “တပ်ဆုတ်လာတာတော့ ဟုတ်တယ်။ သူတို့ဘက်က သေတာများတယ်။ ဘယ်လောက်သေတယ်ဆိုတာတော့ မသိရသေးဘူး”ဟု ပြောသည်။

ကျိန္တလီမြို့တွင် သြဂုတ်လ ၁၁ ရက်၊ ညနေပိုင်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်များသည် ကျိန္တလီမြို့၊ ရတနာမြိုင်ကျေးရွာနှင့် ကမ်းသာယာအထိ လမ်းတစ်လျှောက် ဆုတ်ခွာလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ကျိန္တလီမြို့ပြင်သို့ တိမ်းရှောင်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “လမ်းတစ်လျှောက်မှာတော့ စစ်သားတွေတွေတယ်။ ကျိန္တလီထွက်ဝမှာ တပ်တွေစုနေတယ်။ ဆုတ်လာတာပေါ့။ တချို့စစ်သားတွေကို စောင့်ခေါ်နေတာတွေရှိတယ်။ အကျဆုံးရှိတယ်ကြားတယ်”ဟု ပြောသည်။

အလားတူ စစ်ကောင်စီတပ်သားများသည် လက်နက်ခဲယမ်းများဖြင့် ဆပ်သွားဘက်သို့လည်း ဆုတ်ခွာသွားသည်ကိုတွေ့ရကြောင်း မျက်မြင်တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

"အခုလေးတင်ပဲ မနေ့ကသွားတဲ့ စစ်ကားလေးစီး ဆပ်သွားကို ပြန်ဆုတ်လာတယ်။ အမြောက်တွေပါ နောက်က တွဲလာတာတွေ့တယ်"ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ကျိန္တလီမြို့တွင် ပိတ်မိနေသည့် အရပ်သားအချို့လည်း ထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဘက်မှ အကျအဆုံးများသောကြောင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးသွားကြခြင်း ဖြစ်ကြောင်း ဒေသခံတချို့က ပြောဆိုကြသည်။

တိုက်ပွဲမဖြစ်ပွားခင် ရက်ပိုင်းကတည်းက ကျိန္တလီမြို့မှ ပြည်သူများ တိမ်းရှောင်ကြရန် ပြည်သူအချင်းချင်း နှိုးဆော်ထားထားသော်လည်း စီပွားရေး၊ လူမှုရေးအခြေအနေများကြောင့် လက်ရှိအချိန်အထိ မတိမ်းရှောင်နိုင်ဘဲ ပိတ်မိနေခြင်းများ ရှိကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိန္တလီ ရဲစခန်း၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ အထက်တန်းစာသင်ကျောင်းနှင့် မြို့အနီးပတ်ဝန်းကျင် နေရာတချို့ ပျက်စီးမှုများကြောင်း သိရသည်။

ထို့အတူ ဂွမြို့နှင့် ကျိန္တလီကြားရှိ ကိုင်းခုံ၊ ဆပ်သွားအပါအဝင် ကျေးရွာများမှ ဒေသခံ ပြည်သူများကိုလည်း တိုက်ပွဲဖြစ်ပွားလာနိုင်၍ အမြန်ဆုံး ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် အချင်းချင်းတိုက်တွန်းမှုများရှိနေသည်။

ဆက်စပ် သတင်းများ