အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မင်းပြားတွင် မြစ်ကမ်းပါးပြိုကျ၍ နေအိမ် ၂ လုံးပျက်စီး၊ ၁၀ အိမ်ခန့် ဘေးလွတ်ရာပြောင်းနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 466

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၁၅/ ၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့တွင် လေးမြို့မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ လူနေအိမ် ၂ အိမ်ပျက်စီးသွားပြီး နောက်ထပ် ၁၀ အိမ်ခန့်မှာ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှစတင်ကာ လေးမြို့မြစ်ရေမြင့်တက်ပြီးနောက် ယနေ့သြဂုတ်လ ၁၄ ရက်အထိ မင်းပြားမြို့ရှိ မင်းဘာကြီးရပ်ကွက်၊ ဦးစိုးတင့်ရပ်ကွက်နှင့် ပြည်တော်သာ ရပ်ကွက်ရှိ နူးအိနေသည့် မြစ်ကမ်းပါးများမှာ မြစ်ရေတိုက်စားမှုကြောင့် တဖြည်းဖြည်း ပြိုကျလာနေခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့မြစ်ကမ်းပါးပြိုကျမှုကြောင့် မင်းဘာကြီးရပ်ကွက်ရှိ ဦးထွန်းစိန်နေအိမ်နှင့် ဦးယဉ်သာမောင် နေအိမ် ၂ အိမ်တို့မှာ ကမ်းပါပြိုကျသည့်အထဲပါသွား၍ လုံးဝပျက်စီးသွားပြီး နောက်ထပ် ၁၀ အိမ်ခန့်မှာလည်း ကမ်းပါးပြိုကျလာနိုင်၍ ဘေးလွတ်ရာ ဆွေးမျိုးအိမ်သို့ ရွေ့ပြောင်းနေရသည်ဟု သိရသည်။

နေအိမ်ပြိုကျသွားသည့်ဦးထွန်းစိန်က "ကမ်းပါးက မြစ်ရေတိုက်စားလို့ အောက်မှာ ဂလိုင်ခံနေတာ။ လှိုင်းပုတ်တာနဲ့ အဲ့ဒီကမ်းပါးတွေက ပြိုကျတာ။ ကျွန်တော့် အိမ်ကျတော့ ညအချိန်ကမ်းပြိုတဲ့အထဲပါသွားတာပါ။ တချို့အိမ်အိမ်တွေတော့ ဖြိုဖျက်ပြီး ရွေ့ပြောင်းလို့ ရလိုက်တယ်" ဟု ပြောသည်။


လက်ရှိတွင်းလည်း မြစ်ကမ်းများဆက်လက်ပြိုကျနေသည့်အတွက် ကိုစိုးစိုးလှိုင်နေအိမ်နှင့် နောက်ထပ်လူနေအိမ် ၁၀ ခန့်မှာလည်း မြစ်ကမ်းပါးပြိုကျမှုတွင် ကပ်ပါသွားနိုင်၍ ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန်ပြင်ဆင်နေကြသည်ဟုလည်း သိရသည်။

မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှ ကိုစိုးစိုးလှိုင်က "ကျွန်တော်တို့အိမ်လည်း ကမ်းပါးပြိုကျတဲ့ အထဲပါဖို့ ဘယ်လောက်မှ မလိုတော့ဘူး။ ကမ်းပါးမပြိုခင်တုန်းက အိမ်ခြံဝင်းနဲ့ မြစ်နဲ့ကြားမှာ လမ်းတစ်လမ်းရှိသေးတယ်။ အခုတော့ ပါသွားပြီ။ အိမ်နဲ့ နှစ်ပေလောက်ပဲ လိုတော့တယ်။ ကလေးတွေကိုတော့ ဆွေးမျိုးတွေအိမ်ကိုပြောင်းထားတယ်။ ကမ်းပါးမပြိုခင်တော့ အိမ်တွေကို ဖြိုဖျက်ပြီး ပစ္စည်းတွေပြောင်းရဦးမယ်" ဟု ပြောသည်။

ယင်းအပြင် မြစ်ကမ်းပါပြိုကျမှုကြောင့် ဘေးလွတ်ရာဆွေမျိုးအိမ်များသို့ ပြောင်းရွေ့ နေရသူများမှာ မြေနေရာမရှိ၍ နေအိမ်များဆောက်လုပ်နေထိုင်ရန် အခက်အခဲ ဖြစ်လျက်ရှိသည် ဟုလည်း သိရသည်။

မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဦးလှသိန်းမောင်က "လောလောဆယ်တော့ ပြိုကျသွားတဲ့အိမ်တွေရော၊ ဖြိုရမယ့်အိမ်တွေရော စာရင်းကောက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားတယ်။ မြေနေရာဖြစ်ဖြစ်။ တစ်ခုခုစီစဥ်ပေးရင် ပေးလို့ ရအောင်ပါ" ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း မင်းပြားမြို့ရှိ မင်းဘာကြီးရပ်ကွက်နှင့် ဦးစိုးတင့်ရပ်ကွက်တို့မှာ လေးမြို့မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ လူနေအိမ် ၂၀ ကျော်ခန့် ဘေးလွတ်ရာသို့ ပြောင်းရွေ့လိုက်ရသည်။

မင်းပြားတွင် နှစ်စဥ်မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ရှိနေသော်လည်း မြစ်ကမ်းပြိုမှုကို ခေတ်အဆက်ဆက်အစိုးရများက ထိရောက်စွာ ကာကွယ် ပေးနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ဓာတ်ပုံ - လေးမြို့မြစ်ရေတိုက်စား၍ ပြိုကျနေသည့်ကမ်းပါးများအား သြဂုတ်လ ၁၄ ရက်က တွေ့ရစဥ်။

ဆက်စပ် သတင်းများ