Preview

တောင်ကုတ်တွင် လေထီးဖြင့် ရိက္ခာနှင့် စစ်လက်နက်များချ၍ အင်အားများဖြည့်တင်းဟုဆို

သြဂုတ် ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :1848
ရခိုင် သတင်း

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၁၅/ ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်မည့် သတင်းထွက်ပေါ်နေသည့်အတွက် စစ်ကောင်စီတပ်စွဲထားသည့် ပန်းမြောက်တောင်တွင် လေထီးဖြင့် စားနပ်ရိက္ခာနှင့် စစ်လက်နက်များကို ချပေးကာ အင်အား ဖြည့်တင်းခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့၊ ကြိုးကြာကွင်းဂိတ်နှင့် ၂ မိုင်ခန့်ကွာဝေးသည့် တောင်ကုတ်-ပြည် ကားလမ်းတွင် တည်ရှိသော ပန်းမြောက်တောင်ဘုရားတောင်ပေါ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများထံသို့ သြဂုတ်လ ၁၃ ရက်၊ ညနေ ၅ နာရီက စစ်ကောင်စီက Y 12 ထောက်ပို့လေယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်များကို (၈)ကြိမ်တိုင်တိုင် လေထီးဖြင့် ပို့ချခဲ့သည်ဟု တောင်ကုတ်ဒေသခံမျက်မြင်တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ လွန်ခဲ့တဲ့ အင်္ဂါနေ့က ၅ နာရီကျော်ကတည်းက တစ်ကြိမ်ကို ၂ ထုတ်စီလာချတယ်။ ၆ နာရီခွဲ လောက်မှာမှ ပြီးသွားတယ်။ မကွေးလေတပ်ဖက်ကလာတာပေါ့နော်။ စားနပ်ရိက္ခာတွေနဲ့ လက်နက်တွေပါတယ်လို့ သိ၇တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်ကလည်း တောင်ကုတ် အင်ဂျင်နီယာတပ် (၃၄၆)တပ်ရင်းက စစ်ကား (၃)စီးဖြင့် ပန်းမြောက်တောင်သို့ စစ်အင်အားများဖြည့်နေသည်ဟု တောင်ကုတ် ဒေသခံအမျိုးသာစတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

"စစ်ကား (၃)စီး ပန်းမြောက်တောင်ဖက်ကိုတက်သွားတာတွေ့တယ်။ တစ်စီးမှာ အင်အား ၂၀ကျော်လောက်ပါမယ်လို့ခန့်မှန်းရတယ်။ စစ်အင်အားဖြည့်ပြီး နောက်တစ်နေ့မှာ ရိက္ခာနဲ့ လက်နက်လာပို့တာ”ဟု ပြောသည်။

စစ်ကောင်စီသည် တောင်ကုတ်မြို့ကို AA က ဝင်ရောက်လာမည်စိုးရိမ်၍ မြို့တွင်းတွင် အရပ်ဝတ်ဖြင့် AA သတင်းများကို ထောက်လှမ်းခြင်းများပြုလုပ်နေပြီး မြို့ထဲရှိ နေရာ အနှံ့အပြားတွင် စနိုက်ပါသမားများလည်း နေရာချထားကြောင်း မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့၊ ဝဲကြီးကျေးရွာနှင့် ကပ်လျက်တည်ရှိသည့် သည်းခံတောင်ဘုရားပေါ်တွင်လည်း ဩဂုတ်လ ၉ ရက်တွင်  စစ်ကောင်စီကလက်နက်ကြီး တပ်တစ်ခုကို စခန်းချပြီး ခံစစ် ပြင်ဆင်နေကြောင်း မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ခမ၇ ၅၄၄၊ ခမ၇ ၃၄၆ တပ်ရင်းနှင့် စကခ ၅ ဌာနချုပ် စသည့် တပ်ရင်းတို့တပ်စွဲထားပြီး ၎င်းစစ်တပ် တပ်ရင်းများကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်ကြောင်း AAက တရားဝင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ ထောက်ပို့လေယာဥ်တစ်စီးအား တွေ့၇စဉ်

#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.