ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

AA ထိုးစစ် ဂွမြို့နှင့်နီးကပ်လာ၍ ဌာနဆိုင်ရာတစ်ခုမကျန် ဂွမြို့ကို စွန့်ခွာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2k

ကံ့ကော်နီနီ၊ နိရဥ္စရာ၊ ဩဂုတ် ၁၅ / ၂၀၂၄

အာရက္ခတပ်တော်(AA)၏ ထိုးစစ်မှာ ရခိုင်ကမ်းရိုးတန်းတောင်ဘက်အစွန်ဆုံး ဂွမြို့နှင့် နီးကပ်လာ၍ ဂွမြို့ပေါ်တွင်ကျန်ရှိနေသည့် ကျန်းမာရေးဌာနအပါအဝင် လက်ကျန် ဌာနဆိုင်ရာများအားလုံး ယမန်နေ့က ဂွမြို့ကိုစွန့်ခွာသွားကြပြီဟု စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်က ဂွမြို့နယ်မီးသတ်တပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ကျန်းမာရေးဌာနအပါအဝင် မြို့တွင်းရှိ လက်ကျန် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးသည် ဂွမြို့ကိုစွန့်ခွာသွားခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

"မနေ့က ဂွမြို့မှာကျန်ရှိနေတဲ့ ဌာနဆိုင်ရာတွေအားလုံးမြို့ကိုစွန့်ခွာသွားကြပြီ။ စစ်တပ်နဲ့ ရဲကလွဲရင် ဘယ်ဌာနမှမရှိတော့ဘူး။ ကျန်းမာရေးဌာနတို့၊ လဝကတို့၊ မီးသတ်တပ်ဖွဲ့တို့ဆိုရင် မနေ့ကအပြီးသတ်စွန့်ခွာသွားကြတာ"ဟု နိရဥ္စရာသို့ပြောသည်။

ဂွမြို့မှဌာနဆိုင်ရာဝန်ထမ်းအချို့သည် သံတွဲမြို့ရှိ စစ်ကောင်စီတပ်များကို AA ထိုးစစ်ဆင်နေသော ကာလကတည်းက ရန်ကုန်နှင့်ဧရာဝတီတိုင်းဘက်သို့ စွန့်ခွာတိမ်းရှောင်မှုများ ရှိခဲ့သည်ဟု သိရသည်။

ယခုလက်ရှိ ဂွမြို့နယ်၊ ကျိန္တလီမြို့အထိ AA ထိုးစစ်ဆင်လာ၍ ဂွမြို့ရှိ လက်ကျန်ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး မြို့ကိုစွန့်ခွာတိမ်းရှောင်သွားခြင်းဖြစ်​ကြောင်း သူက​ ပြောသည်။

"ဌာနဆိုင်ရာတွေက သံတွဲတိုက်ပွဲပြင်းထန်နေတုန်းကပဲ စွန့်ခွာသွားတဲ့ဌာနတွေရှိတယ်။ ဒါပေမဲ့ အခု ကျိန္တလီအထိ ထိုးစစ်ဆင်လာတဲ့အချိန်မှာ လက်ကျန်ဌာနဆိုင်ရာတွေပါ အကုန်တိမ်းရှောင်ကြတာ"ဟု ပြောသည်။

ယမန်နေ့က ဂွမြို့ကျန်းမာရေးဌာန စွန့်ခွာတိမ်းရှောင်စဥ် ဂွမြို့ ခုတင်(၅၀)ဆေးရုံကြီးမှ အရေးပေါ်လူနာများကို ဧရာဝတီတိုင်းရှိ မြို့နယ်ဆေးရုံများနှင့် ရန်ကုန်ဆေးရုံများသို့ ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၀ ရက်မှစတင်ကာ AA က ဂွမြို့နှင့် ၄၁ မိုင်ခန့်အကွာရှိ ကျိန္တလီမြို့မှ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ပြင်းထန်လျက်ရှိသည်။

ဂွမြို့မှပြည်သူအများအပြားသည်လည်း မြို့ကိုစွန့်ခွာကာ ဧရာဝတီတိုင်းဘက်သို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရကြောင်း မြို့ခံများက ပြောသည်။

ဓာတ်ပုံ - ဂွမြို့နယ်မှဒေသခံများ ဧရာဝတီဘက်သို့တိမ်းရှောင်နေကြစဥ်။ (Photo - Napolain)

ဆက်စပ် သတင်းများ