စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

စစ်တွေတွင် ပိတ်မိနေသူများ စားဝတ်နေရေး အလွန်ကျပ်တည်းလာ (စစ်ကောင်စီက ကူညီထောက်ပံ့မှုလုံး၀ မရှိဟုဆို)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

နှင်းနွယ်နီ၊ နိရဥ္စရာ၊ သြဂုတ် ၁၅/၂၀၂၄

စစ်ကောင်စီအုပ်ချုပ်ရေး ရှိနေသေးသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် ပိတ်ကျန်နေခဲ့ကြသည့် ပြည်သူများမှာ အလုပ်အကိုင်မရှိ၍ စားဝတ်နေရေးကျပ်တည်းလာမှုကြောင့် ဘ၀ရှင်သန်ရပ်တည်ရေး အထူးအခက်အခဲဖြစ်နေကြသည်ဟု စစ်တွေနေ ပြည်သူများက ပြောသည်။

ပိတ်မိနေသည့် မြို့ခံအမျိုးသမီးတစ်ဦးက အခက်အခဲက မိသားစုမှာ ရှိတဲ့သူတွေဆီက ရှာလို့၊ တောင်းလို့၊ တစ်ခုခုပဲဖြစ်ဖြစ်၊ ဆန်လေးဘာလေး ‌တောင်းတယ်။ တစ်ခုမဟုတ်တစ်ခုရှာလို့ လမ်းဘေးကပဲ ဖြစ်ဖြစ် အရွက်လေးဘာလေး ခူးပြီး စားကြရတယ်။ လမ်းဘေးမှာရှိတဲ့ အရွက်တွေကိုခူးတယ်၊ စျေးတွေမှာရောင်းတယ်။ စားဝတ်နေရေးကို ဒီလိုဖြေရှင်းနေရတယ်ဟု နိရဥ္စရာကိုပြောသည်။

စစ်တွေမြို့ပေါ်မှ ပြည်သူအများစုမှာ တိုက်ပွဲဖြစ်ပွားလာမည်ဆိုသည့်သတင်းများကြောင့် အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာဒေသများနှင့် ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်နေကြသည့်အတွက် မြို့မစျေးကြီးမှ စျေးဆိုင်များနှင့် ရပ်ကွက်စျေးဆိုင်များတွင်လည်း ရောင်းချသူမရှိဘဲ ပိတ်ထားကြသည်။

စစ်တွေမြို့တွင် လက်ရှိ အခက်အခဲဖြစ်နေကြသူအများစုမှာ လက်လုပ်လက်စားနှင့် မြို့စွန်ရပ်ကွက်များတွင် နေထိုင်သူအများစု ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ စစ်တွေမြို့ပေါ်တွင် နေထိုင်သူများ အခက်အခဲကျရောက်နေသော်လည်း ဦးထိန်လင်း ဦးဆောင်သည့် ရခိုင်ပြည်နယ်စစ်ကောင်စီက တစ်စုံတစ်ရာ ကူညီထောက်ပံ့ခြင်းမရှိကြောင်း၊ ရခိုင်ပြည်နယ် ကယ်ဆယ်ရေးအတွက် ရိက္ခာတန်ချိန်ထောင်နှင့်ချီပြီး သင်္ဘောများဖြင့် ပို့ဆောင်နေကြောင်း အစိုးရပိုင် ရေဒီယိုများနှင့် သတင်းစာများက ကြေညာနေသော်လည်း လက်တွေ့တွင် မည်သည့် ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ ကူညီထောက်ပံ့ခြင်းမရှိဟု စစ်တွေက လူမှုရေး လှုပ်ရှားသူ တစ်ဦး ပြောသည်။

ထိုကဲ့သို့ စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရချိန်တွင် တစ်ခြားတစ်ဖက်တွင်လည်း စစ်ကောင်စီ စစ်တပ်က နေအိမ်များကို ညအချိန်ဝင်ရောက် ဧည့်စာရင်းစစ်ဆေးကာ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းရှိသည့်သူများကိုလည်း ဖမ်းဆီးခြင်းများရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေကြရတယ်လို့  ၎င်းက ပြောသည်။

နေမှောင်လာလို့ရှိရင် ဘယ်သူ့အိမ်ကို တံခါးခေါက်ပြီး ဘယ်သူ့သားသမီးကို ဖမ်းမလဲဆိုတာ စိုးရိမ်နေရတယ်။ နေ့ခင်းကျပြန်ရင်လည်း စားစရာမရှိ၊ ညကျပြန်ရင်လည်း အိပ်လို့မရတဲ့ ဘဝမျိုးရင်ဆိုင်နေရတယ်။ အဲဒါကြောင့် လူတွေရင်ထဲမှာ ဘာဖြစ်လာကြလဲဆိုတော့ စစ်ဖြစ်လိုက်ရင်တောင် အဖြေတစ်ခု ထွက်လာအုံးမယ်။ ဒီအတိုင်းဆိုရင်တော့ လုံးပါးပါးရင်းနဲ့ မြို့မှာရှိတဲ့အိမ်တွေကလည်း စစ်မဖြစ်တာပဲ ရှိတယ်။ အကောင်းမကျန်တော့ဘူး။ လူတွေလည်း အေးအေးချမ်းချမ်း မနေကြရတော့ဘူးဟုပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီးပစ်ခတ်နေခြင်းများရှိသော်လည်း စိုးရိမ်စိတ်များ မရှိတော့ဘဲ စစ်ပွဲအမြန်ပြီးဆုံးရန်သာ မျှော်လင့်နေသည်ဟု နောက်ထပ် စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တွေမှာ စစ်ဖြစ်ရင်လည်း ဖြစ်တော့။ အကြောက်တရားတွေက ရခိုင်သားမှာ မရှိတော့ဘူး။ ဒီတိုက်ပွဲဟာ အဆုံးအဖြတ်တိုက်ပွဲပဲ။ ကိုယ်သေရင် သေ၊ ကျန်တဲ့သူ ကျန်၊ အဲလိုပဲ ထားကြတယ် စိတ်မှာလေဟုပြောသည်။

လက်ရှိ စစ်တွေမြို့တွင် စစ်ကောင်စီသည် AA ဝင်တိုက်မည်ကို စိုးရိမ်၍ မြို့ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းထောင်ထားခြင်း၊ လုံခြုံရေးတိုးမြှင့်ချထားခြင်း၊ မြို့အနီးအနားကျေးရွာများကို ဖြိုဖျက်ကာ ပြည်သူများကို မြို့ထဲတွင် ပိတ်လှောင်ထားခြင်းများနှင့် စစ်တွေရှုခင်းသာလမ်းတစ်လျှောက်မှစတင်ပြီး စစ်တွေဟိုတယ်အထိ သံဆူးကြိုးများဖြင့် ခြံစည်းရိုးကာရံခြင်းများ ပြုလုပ်နေသည်။

AA သည် ရခိုင်မှ မြို့ကြီး(၉) မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို သိမ်းပိုက်ထားပြီး သံတွဲမှ လက်ကျန် မောင်ရွှေလေးရေတပ်၊ အမ်း၊ ဂွမြို့နယ်ရှိ ကျိန္တလီမြို့နှင့် မောင်တောမြို့မှ တစ်ခုတည်းသော လက်ကျန်စခန်းဖြစ်သည့် နခခ(၅)ကို ထိုးစစ်ဆင်နေသည်ဟု သိရသည်။

ပုံစာ- စစ်ကောင်စီမှ ဝါဒဖြန့်နေသည့် မြန်မာ့အလင်းသတင်းစာပါ သတင်းတစ်ပုဒ်

ဆက်စပ် သတင်းများ