ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဧရာဝတီတိုင်းထဲ ရခိုင်စစ်ရှောင်များ ခိုလှုံခွင့်ရရန် အုပ်ချုပ်ရေးမှူးများထံ ငွေပေးနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 903

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ ဩဂုတ် ၁၅ / ၂၀၂၄

စစ်မီးတောက်လောင်နေသည့် ရခိုင်ပြည်တောင်ဘက်ပိုင်း သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ပြေးရှောင်သည့် ပြည်သူများမှာ ဧရာဝတီတိုင်းထဲတွင် ခိုလှုံနေထိုင်ခွင့်ရရှိရန် မိသားစု တစ်စုလျှင် ကျပ် ၆ သောင်းအထိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးများထံ ပေးနေကြရသည်ဟု စစ်ဘေးရှောင်များထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် စစ်ပြေးရှောင်ရောက်ရှိနေသည့် ရခိုင် ပြည်သူများမှာ ၄င်းမြို့နယ်မှ ရပ်ကွက်နှင့်ကျေးရွာများတွင်ခိုလှုံနေထိုင်ခွင့်ရရှိရေးအတွက် အုပ်ချုပ်ရေးမှူးများကို ငွေပေးနေကြရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းသို့ စစ်ရှောင် ရောက်ရှိနေသော ဂွမြို့နယ်မှစစ်ရှောင်တစ်ဦးက ပြောသည်။

"ကျုံပျော်မြို့နယ်ထဲမှာဆိုရင် စစ်ဘေးရှောင်မိသားစုတစ်စုချင်းစီကနေထိုင်ခွင့်ရဖို့ ဧည့်စာရင်းခ ဆိုပြီး အုပ်ချုပ်ရေးမှူးတွေကိုငွေပေးနေကြရတယ်။ ငွေကလည်း ထောင်ဂဏန်းမဟုတ်ဘူး။ သိန်းဂဏန်းနီးပါးထိပေးနေကြရတာ" ဟု ပြောသည်။

အဆိုပါကျုံပျော်မြို့နယ်တွင် စစ်ဘေးရှောင်မိသားစုတစ်စု ၆ လတာ ခိုလှုံနေထိုင်ခွင့်အတွက်ဟု ဆိုကာ အုပ်ချုပ်ရေးမှူးများကို မိသားစုတစ်စုလျှင် ကျပ်ငွေ ၆၀၀၀၀ ကျပ်အထိ ပေးနေကြရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

"ကျုံပျော်မှာက အဆိုးဆုံးထင်တယ်။ တစ်အိမ်ထောင်စုအတွက် ခြောက်သောင်းကျပ်စီ ပေးရတယ်။ အဲဒါခြောက်လစာအတွက်တဲ့။ ခြောက်လပြည့်သွားရင် ထပ်ပေးရမယ်လို့ ပြောတယ်။ ပုသိမ်ဘက်မှာတော့ ဧည့်စာရင်းတိုင်တဲ့အနေနဲ့ ငါးထောင်ကျပ်ပေးရတယ်"ဟု ဂွမြို့နယ်မှ စစ်ရှောင်တစ်ဦးကပြောသည်။

အာရက္ခတပ်တော်(AA)က ဩဂုတ်လ ၁၀ ရက်တွင် ဂွမြို့နှင့် ၄၁ မိုင်ခန့်သာဝေးသည့် ကျိန္တလီမြို့ရှိစစ်ကောင်စီတပ်များကို ထိုးစစ်ဆင်ခဲ့ရာ အနှေးနှင့်အမြန် စစ်မီးကူးစက်လာမည့် အရေးကြောင့် ဂွမြို့မှပြည်သူများမှာလည်း ဧရာဝတီတိုင်းနှင့် ရန်ကုန်ဘက်သို့ စစ်ဘေးရှောင် နေကြရခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းထဲစစ်ရှောင်ရောက်ရှိနေသည့် ရခိုင်ပြည်သူများမှာ စစ်ကောင်စီ၏ ဖမ်းဆီး စစ်ဆေးမှု၊ ငွေညှစ်တောင်းခံမှု၊ အိမ်ငှားခစရိတ်ကြီးမြင့်မှုတို့ကြောင့် အလွန်တရာ အခက်အခဲကြုံနေကြရကြောင်း နိရဥ္စရာသတင်းဌာနကို ပြောသည်။

ဓာတ်ပုံ - ဂွမြို့နယ်မှ စစ်ရှောင်ပြေးသူများအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ