အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဂွမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ ၆၀ ကျော်ခန့်ကို စစ်ကောင်စီ ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 730

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၁၆/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ ၆၀ ကျော်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းခံရသူများမှာ ဂွမြို့နယ်၊ ကုလားပြင်ကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် တိုင်ကျိုးစသည့် ကျေးရွာ ၃ ရွာမှ အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ ၆၀ ကျော်ခန့်တို့ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းက ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သော ခမရ(၅၆၃)တပ်ရင်းမှ တပ်သားများသည် အဆိုပါကျေးရွာများသို့ ဝင်ရောက်လာပြီး အကြောင်းတစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဘာကြောင့်ဖမ်းတာလဲတော့မသိဘူး။ အဲဒီစစ်ကောင်စီတပ်ရင်းက တပ်သားတွေက ကုလားပြင်ရွာထဲကို ဝင်လာပြီးတော့ လာဖမ်းသွားတာ။ အမျိုးသမီးတွေလည်း ပါသွားတယ်။ ဇီးကုန်းရွာနဲ့ တိုင်ကျိုးရွာကလည်း ဖမ်းသွားတယ်" ဟု ပြောသည်။

ထိုသို့ဖမ်းဆီးသွားပြီးနောက် သူတို့ကို စစ်ကောင်စီတပ်က မည်သည့်နေရာကို ခေါ်ယူသွားကြောင်း မသိရသည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်နေကြောင်းလည်း သိရသည်။

အာရက္ခတပ်တော်(AA)က ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်၊ ညနေ ၃ နာရီခန့်က စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်။

အဆိုပါဒေသအနီးတွင်လည်း စစ်ရေးတင်းမာမှုများဖြစ်ပေါ်နေပြီးနောက် ယခုလို အရပ်သားအများအပြား ဖမ်းဆီးခံခြင်းဖြစ်သည်။

သြဂုတ်လ ၁၁ ရက်ကလည်း ကျိန္တလီမြို့ရှိ ရဲစခန်းနှင့် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၂ ရက်၊ နံနက် ၁၀ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်မှ ကြည်း၊ ရေ၊ လေ လက်နက်ကြီး ပစ်ကူများနှင့် ဘက်ပေါင်းစုံမှ အသည်းအသန်ခုခံနေရပြီး အကျအဆုံးများသဖြင့် သြဂုတ် ၁၄ ရက်က ကျိန္တလီမြို့မှ ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

ယင်းအပြင် ကျိန္တလီမြို့တွင်းမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်သည် သြဂုတ်လ ၁၄ ရက် ညနေပိုင်းမှ စတင်ကာ သြဂုတ် ၁၅ ရက် မွန်းလွဲပိုင်းအထိ ကြွေချိုင်ကျေးရွာအနီးရှိ သရက်တောင်ဘုရားပေါ်မှ မြို့ထဲသို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်းလည်း သိရသည်။

ဂွမြို့နယ်သည် ရခိုင်ပြည်တောင်ပိုင်းဒေသ အစွန်ဆုံးမြို့ဖြစ်ပြီး စစ်ကောင်စီ၏ ခမရ (၅၆၂) တပ်ရင်းနှင့် ခမရ (၅၆၃) တပ်ရင်းတို့ အခြေစိုက်ထားကာ ဧရာဝတီတိုင်းနှင့် ကပ်လျက်ရှိသည့်မြို့ဖြစ်သည်။ (ပုံစာ- ဂွမြို့ရဲစခန်း)

ဆက်စပ် သတင်းများ