အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ်ရှိ မိုးတောင်နှင့် မိုးပညာဒါနကျောင်းကို စစ်ကောင်စီဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ ဩဂုတ် ၁၆ / ၂၀၂၄

စကခ(၅) အခြေစိုက် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ မိုးတောင်နှင့် မိုးပညာဒါနသင်တန်းကျောင်းကို ညအချိန် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ဩဂုတ်လ ၁၆ ရက်၊ မနက်အစောကြီး ၃ နာရီ ၁၆ မိနစ်ကစတင်ကာ စစ်ကောင်စီ လေယာဥ်က ဗုံး ၅ လုံးအထိ ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိကဥ္စရာကို ပြောသည်။ 

"ဒီနေ့မနက်အစောကြီးက မိုးတောင်နဲ့ မိုးပညာဒါနကျောင်းကို စစ်ကောင်စီကဗုံးကြဲချတယ်။ အားလုံးငါးလုံးတိတိကျတယ်" ဟု ပြောသည်။



နံနက် ၃ နာရီမှ ၃ နာရီ ခွဲအတွင်း ဗုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးတစ်လုံးမှာ မိုးပညာဒါနကျောင်းကိုထိမှန်သည်ဟု သတင်းထွက်ပေါ်နေကြောင်း သူက ပြောသည်။

"ဗုံးတစ်လုံးက မိုးပညာဒါနကျောင်းကိုထိတယ်လို့ သတင်းထွက်နေတယ်။ လူတွေဘာတွေ ထိခိုက်တာရှိလား။ အတည်ပြုနိုင်အောင်ကြိုးစားနေပါတယ်"ဟု ပြောသည်။

အဆိုပါမိုးပညာဒါနကျောင်းကို ဗုံးထိမှန်သည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ အပျက်အစီး အသေးစိတ်ကို သိရှိနိုင်ရန် နိရဥ္စရာက ဆက်လက်ကြိုးစားနေဆဲဖြစ်သည်။

မိုးတောင်နှင့် မိုးပညာဒါနသင်တန်းကျောင်းသည် တောင်ကုတ်မြို့မှ ၈ မိုင်နှင့် ၄ ဖာလုံခန့် အကွာတွင်ရှိပြီး တန်းလွဲရွာမမြို့နှင့် ၇ မိုင်ကွာဝေးကာ တောင်ကုတ်-မအီ လမ်းမကြီးအနားတွင် တည်ရှိကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ထိုနေရာအနီးတဝိုက်တွင် အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုရှိသည်ဟု မှန်းဆချက်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါစစ်ရေး သတင်းရင်းမြစ်ကပြောသည်။

"တောင်ကုတ်မြို့ပေါ်ကလွဲရင် ကျန်တဲ့နေရာတွေတော်တော်များများက တပ်တော်က ထိန်းချုပ်ထားတယ်။ စစ်ကောင်စီကဗုံးကြဲတယ်ဆိုတာ အေအေတပ်ဖွဲ့ဝင်တွေ ရှိတယ်။ လှုပ်ရှားနေတယ်ဆိုပြီး မှန်းဆမိတဲ့နေရာတွေကို တိုက်ခိုက်တာဖြစ်နိုင်တယ်။ နှစ်ဘက် တိုက်ပွဲကတော့ အခုထိမဖြစ်သေးပါဘူး" ဟု ပြောသည်။

ယမန်နေ့ဩဂုတ်လ ၁၅ ရက်မနက်အစောကြီး ၃ နာရီခွဲကလည်း တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာနှင့် ကမာကျေးရွာကြားရှိ အောင်မင်္ဂလာကျေးရွာအနီးရှိကွမ်းခြံစိုက်ခင်းတဲကို စစ်ကောင်စီလေယာဥ်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟု သိရသည်။ (ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာဖြစ်ပါသည်။ သတင်းနှင့်သက်ဆိုင်မှု မရှိပါ)

ဆက်စပ် သတင်းများ