အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရေကြီးမှုကြောင့် မြောက်ဦး - မင်းပြားကားလမ်းမတွင် တင်ကျန်ခဲ့သည့် အမှိုက်သရိုက်များကို AA က သန့်ရှင်းရေးပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၁၆/ ၂၀၂၄

ရခိုင်တွင် ရေကြီးမှုကြောင့် မြောက်ဦး - မင်းပြား အဝေးပြေးကားလမ်းမပေါ်တွင် တင်ကျန်ခဲ့သည့် အမှိုက်သရိုက်များကို အာရက္ခတပ်တော်(AA)က သန့်ရှင်းရေး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြောက်ဦး - မင်းပြား အဝေးပြေးကားလမ်းမပေါ်တွင် ရေကြီးမှုကြောင့် တင်ကျန်နေခဲ့သည့် အမှိုက်သရိုက်များနှင့် ဒိုက်ပုံများကြောင့် ဒေသခံပြည်သူများသွားလာရခက်ခဲနေ၍ AA က ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်တွင် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦး "ကားလမ်းတစ်လျှောက်မှာ အမှိုက်တွေနဲ့ပြည့်နေတာ။ ရေကြီးတော့ တောင်ပေါ်က သစ်ရွက်တွေနဲ့အမှိုက်သရိုက်တွေက ရေစီးနဲ့မျောလာခဲ့တာ။ ဝါးအပိုင်းတွေ။ ထင်းစအပိုင်းတွေနဲ့ သွားလာဖို့အခက်အခဲဖြစ်နေတာကြာပြီ။ တပ်တော်က အခုလို ကူညီသန့်ရှင်းပေးတော့ ဒေသခံတွေသွားလာဖို့ ပိုအဆင်ပြေသွားပါတယ်" ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှစတင်ကာ လေးမြို့မြစ်ရေနှင့် ကုလားတန် မြစ်ရေမြင့်တက်မှုကြောင့် မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်စသည့်မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

ထိုသို့ရေကြီးပြီးနောက် မြောက်ဦး - မင်းပြားအဝေးပြေးကားလမ်းမတစ်လျှောက် ရေလွှမ်းမိုးခဲ့ပြီး သြဂုတ်လ ၆ ရက်တွင် ရေအားလုံးပြန်ကျသွားသော်လည်း ရွံ့နွံများ၊ အမှိုက်သရိုက်များနှင့် ဒိုက်ပုံများတင်ကျန်နေခဲ့၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါကားလမ်းတစ်လျှောက် မီးသတ်ကားများဖြင့် ရေသယ်ယူကာ သန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအပြင် ရေကြီးမှုကြောင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာအများအပြားမှ ပျက်စီးသွားသည့် သောက်ရေကန်များကိုလည်း AA က ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်မှစတင်ကာ သန့်စင် ပြုပြင်ပေးနေကြောင်း သိရသည်။

ဓာတ်ပုံ - APM

ဆက်စပ် သတင်းများ