အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူ စနဲမြို့ဝန်းကျင်တဝိုက် စစ်ကောင်စီက လက်နက်ကြီးများနှင့် ဒရုန်းများဖြင့်ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 970

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဩဂုတ် ၁၆ / ၂၀၂၄

တိုက်ပွဲဖြစ်ပွားမှု တစ်စုံတရာမရှိဘဲ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ အနီး ဝန်းကျင်ကို စစ်ကောင်စီက ယမန်နေ့ ညနေက လက်နက်ကြီးများပစ်ခတ်သည့်အပြင် ဒရုန်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ‌အခြေစိုက်ထားသည့် တောင်မော်ကြီးရေတပ်စခန်းနှင့် ယင်းရေတပ်စခန်းအောက်ဘက် သံဇစ်မြစ်ကြောင်းမှ စစ်ကောင်စီနေဗီသ‌င်္ဘောများက ယမန်နေ့ သြဂုတ်လ ၁၅ ရက်၊ ညနေ ၃ နာရီခန့်တွင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"တိုက်ခိုက်ရေး ဒရုန်းနဲ့ပစ်တယ်။ မျှောချောင်းကျေးရွာအနားကို ပစ်တယ်။ အဲဒီနားက တောတန်းတွေကိုပစ်တယ်။ တောင်မော်ကြီးရေတပ်စခန်းက လက်နက်ကြီးတွေနဲ့ပစ်တယ်။ စစ်ကောင်စီ သင်္ဘောတွေက ပစ်တယ်။ စနဲအနီးဝန်းကျင်တွေကိုလည်း ပစ်တယ်"ဟု ပြောသည်။

စနဲမြို့အနီးတစ်ဝိုက်တွင် အဝတောင်၊ မျှောချောင်း၊ ဒွေးချ၊ စံပါယ်ချောင် စသည့် ကျေးရွာများရှိပြီး ၎င်းကျေးရွာများမှ ဒေသခံများမှလည်း စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီသည် ဧပြီလကလည်း စနဲမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စနဲမြို့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

အလားတူ ယင်းလထဲတွင်ပင် စနဲမြို့အနီး ဒွေးချကျေးရွာမှ ‌လူနေအိမ် (၂၈)လုံးမှာ စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးခဲ့ရသည်။

"အရင်တုန်းက ပစ်ခတ်မှုတွေကြောင့် စနဲမြို့မှာဆိုရင် ဈေးဆိုင်ခန်း၊ စာကြည့်တိုက်၊ ထွေအုပ်ရုံးတို့ ပျက်စီးသွားတာရှိတယ်။ ဒွေးချကျေးရွာမှာဆိုရင် နေအိမ်တွေ မီးလောင်ပျက်စီးသွားတာတွေလည်း ရှိတယ်" ဟု ပြောသည်။

စစ်ကောင်စီက စနဲမြို့ ပတ်ဝန်းကျင်သို့ တိုက်ပွဲမဖြစ်ဘဲ ယခုကဲ့သို့ ပစ်ခတ်ရခြင်းမှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များရှိသည့်အထင်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

ဓာတ်ပုံ - စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ မီးလောင်ပျက်စီးသွားသည့် ဒွေးချကျေးရွာအားတွေ့ရစဥ်(ပုံဟောင်း)။

ဆက်စပ် သတင်းများ