အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုက ရှောက်ချောင်းရွာထဲ ဝင်ရောက်လာပြီး ဖမ်းဆီးရိုက်နှက်၍ ကျေးရွာသားနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

မင်းသျှင်စော၊ နိရဉ္စရာ၊သြဂုတ် ၁၇/ ၂၀၂၄

ဓည၀တီ ရေတပ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည် ၊ကျောက်ဖြူမြို့နယ်၊ ကပ်သပြေအုပ်စု၊ ရှောက်ချောင်း ကျေးရွာထဲကို စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် ယနေ့ နံနက်က ဝင်ရောက်လာပြီး ရွာသားများကို စာသင်ကျောင်းတွင်စုခိုင်းကာ ရိုက်နှက်မေးမြန်းစစ်ဆေးခဲ့သဖြင့် ရွာသားနှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

အပြင်းအထန် ဒဏ်ရာရသွားသူ ၂ ဦးမှာ မောင်မိုးမြင့်ထွန်း(ဘ) ဦးမောင်ချစ်စုနှင့် ဦးအောင်လင်းနိုင် (ဘ) ဦးအောင်ဝေစံ တို့ဖြစ်ကြသည်။ 

“ သူတို့ (စစ်တပ်) က ဒီနေ့ မနက် ၆ နာရီခွဲ ၇နာရီကျော်လောက်မှာ ရွာထဲဝင်လာတယ်။ ရွာသားတွေကို စာသင်ကျောင်းမှာ စုခိုင်းတယ်။  အေအေ ၅၀ ရောက်လာလားလို့ စစ်ဆေးမေးမြန်းတယ်။ ရွာသားတွေကို ရိုက်နှက်မေးမြန်းတယ်။ မိုးမြင့်ထွန်းနဲ့ အောင်လင်းနိုင်တို့ကို  ဆေးထိုး ရလောက်အောင်ထိ ရိုက်နှက်သွားခဲ့ပါတယ်”ဟု ပြောသည်။

ရိုက်နှက်မှုကြောင့် ရရှိသွားခဲ့သည့် ဒဏ်ရာဒဏ်ချက်များကို နီးစပ်ရာဆေးခန်း၌ ဆေးကုသမူ ခံယူနေရပြီး  ဆေးထိုးခဲ့ရသည့်အဆင့်ထိ ရောက်ရှိခဲ့ရသည်ဟု ၎င်းက ပြောဆိုသည်။

၎င်းစစ်သားများမှာ သစ်ပုတ်တောင်ရေတပ်နှင့် ကုန်းတပ်ကစစ်သားများဖြစ်ကြပြီး ပူးပေါင်းတပ်ဖွဲ့ အင်အား ၅၀ ခန့်ပါဝင်သည်ဟု ကျေးရွာသားများ၏ အပြောအရ သိရသည်။ 

နောက်ထပ် ကျေးရွာသား တစ်ဦးက "သူတို့က မနက်အစောကြီးကတည်းက သစ်ပုတ်တောင်စခန်းက ထွက်လာတာထင်တယ်။ ကျွန်တော်တို့နဲ့ သိတဲ့လူတွေပါလို့ သစ်ပုတ်တောင်တပ်ကဆိုတာ အတိအကျ ပြောလို့ရပါတယ်။ ရွာသားတွေကို စာသင်ကျောင်းကို အကုန်းလုံးကိုခေါ်တယ်။ ဖုန်းတွေနဲ့  ခန္ဓာကိုယ် အနေအထားကို စစ်တယ်။ တစ်ချို့က နေအိမ်တွေကို သွားစစ်တယ်ပြီးတော့ လူငယ်ပိုင်းနှစ်ယောက်ကို မင်းတို့ အေအေလား ဆိုပြီးရိုက်နှက်တော့ ဒဏ်ရာကိုယ်စီရသွားတယ်"ဟု ပြောကြားသည်။

ကျောက်ဖြူ ဓည၀တီ ရေတပ်စခန်းအနီးရှိ သစ်ပုတ်တောင်တွင် စစ်ကောင်စီက ယခင်ကထက်  စစ်ကြောင်းထိုးမှုပြုလုပ်လာပြီး ကျေးရွာများသို့ ဝင်ရောက်ကာ ရွာသားများကို ဖမ်းဆီး ရိုက်နှက်မှုများနှင့် ငွေညှစ်တောင်းခံမူများလည်း ရှိနေသည်ဟု အနီးပတ်ဝန်ကျင်ဒေသခံ တစ်ဦးက ပြောသည်။

"သူတို့စစ်ကြောင်းလာရင် လူငယ်ပိုင်းတွေက ထွက်ပြေးကြတယ်။ ကျွန်တော်တို့လည်း ကြောက်တာပေါ့။ သူတို့က လူသွားလမ်းအတိုင်း မလာဘူး။ တောတွေကို ဖောက်ပြီး တောစပ်တွေကနေ ဝင်လာတော့ ရွာသားတွေက မသိဘူးလေ။ တချို့ကလေးတွေဆို သူတို့လာရင် အဖမ်းခံရမှာကြောက်လို့ ဘေးလွှတ်ရာကို ထွက်ပြေးကြရတယ်" ဟု နိရဉ္စရာကို ပြောကြားသည်။

၎င်းပြင် ကျောက်ဖြူမြို့ အနီးဝန်းကျင်တွင် ရပ်နားထားသည့် နေဗီများ အပါအဝင် တောင်မော်ဦး ရေတပ်နှင့် အမှတ် (၃၄) ရဲတပ်ရင်းတို့မှ ကျောက်ဖြူမြို့နယ်ရှိ တောတောင်တန်းများကို မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကျောက်ဖြူတွင် ရခိုင်ပြည်၏  အကြီးဆုံး စစ်ကောင်စီ ရေတပ်(ဓညဝတီ) သစ်ပုတ်တောင် ဌာနချုပ် အပါအဝင် ခမရ ၅၄၂တပ်ရင်း၊ ခမရ ၅၄၃တပ်ရင်း ၊ ခလရ ၃၄တပ်ရင်းနှင့်  အမှတ် (၃၂) ရဲတပ်ရင်းများ တည်ရှိပြီး အာရက္ခတပ်တော်ဝင်ရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ အနီးအနားကျေးရွာများကို မကြာခဏ စစ်ကြောင်း ထိုးမှုများရှိနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ