Preview

ရခိုင်စစ်ပွဲအရှိန် ဧရာ၀တီတိုင်းထိရိုက်ခတ်လာ (AA ဝင်ရောက်မည့်သတင်းကြောင့် စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုတင်းကျပ်)

သြဂုတ် ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :6820
ရခိုင် သတင်း

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၁၇ / ၂၀၂၄

အာရက္ခတပ်တော် (AA) ၏ ပြင်းထန်သည့်ထိုးစစ်သည် ဧရာ၀တီတိုင်းနှင့် နယ်စပ်ချင်းကပ်နေသည့် ဂွမြို့နယ် အထိရောက်ရှိလာရာ ရခိုင်စစ်ပွဲ၏အရှိန်သည် ဧရာ၀တီတိုင်းထိ ရိုက်ခတ်မှုရှိလာနေသည်ဟုဧရာ၀တီတိုင်းရှိ ဒေသခံများက ပြောဆိုသည်။

၎င်းပြင် ဧရာ၀တီတိုင်းထဲသို့  AA ဝင်ရောက်လာမည့်သတင်းများပျံ့နှံ့နေမှုကြောင့်  စစ်ကောင်စီသည်လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုများကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာသည်ဟု ပုသိမ်မြို့ အမှတ် ၂ရပ်ကွက် ဒေသခံ တစ်ဦးကနိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ရခိုင်က စစ်ရှောင်တွေစစ်ဆေးတဲ့အခါ များသောအားဖြင့်က ညဘက်စစ်တယ်။ ဒေသခံတွေကလည်း ဟိုအိမ်မှာစစ်ရှောင်ရောက်တယ်။ ဒီအိမ်မှာ လူသစ် ရောက်တယ်ဆိုပြီး တိုင်တာတွေရှိတယ်။ ငွေဆောင်ဘက်မှာ အေအေဝင်လာတယ်ဆိုပြီးသတင်း ရလို့စစ်နေတာကြာပြီ။အခုပုသိမ် မြို့ထဲရပ်ကွက်တွေ အထိစစ်နေတယ်၊ ငွေလိုချင်လို့လုပ်တာရှိသလိုတကယ်သတင်းရလို့ လာစစ်တာရှိတယ်။ ဘာလိုပဲပြောပြော ရခိုင်စစ်ပွဲကဧရာ၀တီတိုင်းကို ပုံစံမျိုးစုံနဲ့ ရိုက်ခတ်လာပြီဆိုတာ ငြင်းမ၇ဘူး”ဟု ပြောသည်။

ရခိုင်ပြည် ဂွမြို့နယ်မှ စစ်ရှောင်အများအပြားဧရာ၀တီတိုင်းသို့ ဝင်ရောက်လာရာ စစ်ရှောင်များနှင့်ရောနှောကာ အေအေတပ်ဖွဲ့ဝင်များဝင်ရောက်လာမည်ကို စစ်ကောင်စီမှ အထူးစိုးရိမ်နေကြောင်း ဒေသခံများကဆိုသည်။

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ရေကြည်မြို့၊ ငွေဆောင်မြို့တို့တွင် ရခိုင်မှစစ်ရှောင်လာသူ ပြည်သူများနှင့်ဒေသခံ ရခိုင်လူမျိုးများအား စစ်ကောင်စီတပ်၊ပျူစောထီးနှင့် အုပ်ချုပ်မှူးများမှ AAနှင့် PDF များ ဝင်ရောက်လာသည်ဟူသော အကြောင်းပြချက်ဖြင့် ရပ်ကွက်များသို့  ညစဉ် ဧည့်စာရင်း ဝင်ရောက် စစ်ဆေးနေကြောင်းသိ၇သည်။

သြဂုတ်လ ၁၆ မနက်ပိုင်းကလည်း ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အမှတ် (၉)ရပ်ကွက်တွင် ပစ်ခတ်သံများကြားရပြီးနောက် သင်္ဘောကျဉ်းဘက်ကမ်းသို့  စစ်ကောင်စီမှ စစ်ကားများ၊ အိမ်စီးကားများ သွားရောက်ခဲ့ပြီး အမှတ် (၂)တံတားအတက်အဆင်းတွင်တားဆီး စစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရှိ၇သည်။

ငွေဆောင်ကမ်း ခြေမှဒေသခံတစ်ဦးက“ အေအေက ပုသိမ်အထိထိုးဖောက်လာမယ်ဆိုတာ စစ်ကောင်စီဘယ်လို သတင်းရတာတော့ မသိဘူး။တော်တော်သတိထားနေတယ်။မဝင်လာဘူး လို့လည်း အတတ်ဘယ်သူမှ မပြောနိုင်ဘူးလေ။ငွေဆောင်တို့ ချောင်းသာတို့ ဟိုင်းကြီးကျွန်တို့မှာကအရင်ကတည်းက ရခိုင်တွေရှိတယ်။ အခုတလော ဂွတို့ သံတွဲတို့က ရခိုင်စစ်ရှောင်တွေလည်းရန်ကုန်တက်ဖို့ အဆင်မပြေလို့ ဒီမှာလာနေတာရှိတယ်။အဲဒီတော့စစ်တပ်က လက်မခံဖို့ အိမ်ရှင်တွေ အုပ်ချုပ်ရေးမှုးတွေကိုပြောတာရှိတယ်။ထောက်ခံစာတွေ အိမ်ထောင်စုစာရင်းတွေ ထွေအုပ်ထောက်ခံစာတွေမပါလို့ကတော့ ရခိုင်တွေအစစ်ခံ၊ အရစ်ခံ၇တော့ တာပါပဲ”ဟု ပြောသည်။

လက်ရှိတွင် သံတွဲနှင့် ဂွမြို့နယ် ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သားနှင့် ရဲ မိသားစုများအတွက် ရေကြည်မြို့နယ် ၊ကုန်းပြင်အုပ်စု  ကုန်းပြင်ကျေးရွာ အနောက်ဘက် မာလာကွင်းတွင် အဆောက်အဦသစ်များဆောက်နေပြီးရေနံသာဂိတ်မှ စစ်ကောင်စီတပ်သားတချို့လည်း မကြာမီ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်းသိ၇သည်

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့ကို အာရက္ခတပ်တော်က မကြာမီ လုံး၀ သိမ်းပိုက်ထိန်းချုပ်နိုင်မည့်အခြေအနေသို့ ရောက်ရှိနေပြီး ဂွကို သိမ်းပြီးနောက်  ဧရာ၀တီတိုင်းအတွင်းသို့  ထပ်မံ ဝင်ရောက် လာနိုင်သဖြင့် ရခိုင်မှ လူအဝင်အထွက်များအား တင်ကျပ်စွာပိတ်ဆို့ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ကြောင်းရေကြည်မြို့ဒေသခံတစ်ဦးမှသုံးသပ်ပြောကြားသည်။

ရခိုင်ပြည်၊ ဂွမြို့ နယ်၊ ၇ခိုင် - ဧရာ၀တီအစပ် ဒေါင်းချောင်းဆင်ဝိုင်းကြီးကျေးရွာကို ဩဂုတ်လ (၆) ရက်နေ့က AA တပ်တော်ဝင်လာပါက ခိုအောင်း နေထိုင်နိုင်သည်ဟူသောအကြောင်းပြချက်ဖြင့် ကျေးရွာသားများကို နှင်ထုတ်ခဲ့ကြောင်းကုန်ကား မောင်းသူတစ်ချို့ထံမှသိ၇သည်။

ထိုကျေးရွာတွင် ဆင်သမားများက သစ်ထုတ်လုပ်ငန်း၊ ကျန်ပြည်သူများက မီးသွေးဖုတ် ဝါးခုတ်၊ ဈေးဆိုင်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နေသည်ရွာဖြစ်ပြီး ရွာပတ်ဝန်းကျင်တွင် စစ်တပ်က ထောင်ထားသည့်မိုင်းများ နင်းမိ၍ လူ(၁)ဦးနှင့် ကျွဲနှစ်ကောင် သေဆုံးသွားကြောင်းလည်းဒေသတွင်းသတင်းများအရ သိရှိ၇သည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေရာ ဂွမြို့နှင့်နီးစပ်လာသဖြင့် ကမ်းသာယာကျေးရွာနှင့် ကင်းမုံကျေးရွာမှ စစ်ရှောင်ပြည်သူများသည် ဧရာ၀တီတိုင်း လေးမျက်နှာမြို့နယ် ၊ အောင်ဇံကွင်းကျေးရွာသို့ရောက်ရှိလာပြီး စစ်ကောင်စီမှ တပ်ကျပ်စွာစစ်ဆေးနေကြောင်းလည်းဒေသခံများက ပြောသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ် သံတွဲမြို့အားထိန်းချုပ်ထားပြီး ဧရာ၀တီတိုင်းနှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်တောင်ပိုင်းဂွ မြို့နယ်နှင့်အနီးတဝိုက်ထိ စစ်ရေးလှုပ်ရှားမှုများရှိလာရာ စစ်ပွဲ၏ အကျိုးသက်ရောက်မှုသည် ဧရာ၀တီတိုင်းထိ ရိုက်ခတ်လာနေခြင်းဖြစ်သည်။

အာရက္ခတပ်တော်၏စစ်ရေးဗျူဟာနှင့် ထိုးစစ်ဆင် တိုက်ခိုက်မည့်ပုံစံအား စစ်ကောင်စီမှမခန့်မှန်းနိုင် သောကြောင့် စိုးရိမ်မှုလွန်ကာရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်လာသူများကိုသာအထူး စစ်ဆေးလျက်ရှိကြောင်းသိ၇သည်

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသောဧရာ၀တီတိုင်းမှ နယ်စပ်နေရာများကိုလည်း လုံခြုံရေးတင်းကြပ်ထားကြောင်း သိ၇သည်။

ဧရာ၀တီတိုင်း ဒေသကြီးအတွင်းရှိ ချောင်းသာ၊ငွေဆောင်၊ ကျောက်ချွန်ဒေသတို့ အပြင် ပုသိမ် ငပုတော၊ဟိုင်းကြီးကျွန်းတို့တွင်လည်း ရခိုင်သားများနေထိုင်လျက်ရှိရာအေအေနှင့် တစ်စုံတစ်ရာ ပတ်သက်မှု မရှိသော်လည်း အနီးကပ်စောင့်ကြည့်ခြင်းကိုခံနေ၇သည်ဟု ပြည်သူများက ပြောဆိုသည်။ 

ဧရာ၀တီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့သည် AAထံတွင် စစ်သင်တန်းတက်ခြင်း၊ AAနှင့်တွဲ၍ စစ်ရေးဖော်ဆောင်ခြင်းများရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိနေရာစစ်ကောင်စီအနေဖြင့် အလွန်စိုးရိမ်မှု ရှိနေသည်ဟုဆိုသည်။ 

ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်များနှင့် ထိစပ်နေသော ရခိုင်ရိုးမအတွင်း၌ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီလက တိုက်ပွဲများဖြစ်ပွားခဲ့ဖူးကြောင်းသိ၇သည်။ (ဓာတ်ပုံ- Ayeyarwaddy Times)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.