အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် ရခိုင်တော်လှန်ရေးရဲဘော်ဟောင်းတစ်ဦးကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၁၇/ ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်တွင် ရခိုင်တော်လှန်ရေးနှင့်ဆက်စပ်ခဲ့ဖူးသူ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က  ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ကမ်းသာယာအနီးရှိ ဘာလီချောင်းကျေးရွာမှ ဦးသန်းထိုက်ကြီး အသက်(၄၅)နှစ် ဖြစ်သည်။

၄င်းကို ဩဂုတ် ၁၅ ရက်နေ့ နံနက် ၄ နာရီခန့်က ရွှေအုပ်ကွင်း အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင် အပါအဝင် ဂွမြို့အခြေစိုက် ခမရ(၅၆၃)မှ စစ်‌ကောင်စီတပ်သား  ၆ ဦးမှ  ဘာလီချောင်းကျေးရွာရှိ ၎င်း၏ လယ်တဲကနေ  လာရောက် ဖမ်းဆီးသွားသည်ဟု ဂွမြို့နယ် ကမ်းသာယာကျေးရွာမှ ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ သူက လယ်တဲမှာ အလုပ်လုပ်ရင်းနားနေတဲ့အချိန်လာဖမ်းသွားတာပါ။ သူ့ကိုလာဖမ်းတာက ရွှေအုပ်ကွင်း အုပ်မှူးရယ်၊ ( ၅၆၃ )တပ်ရင်းက စစ်သား ၆ ယောက်ပါတယ်။ ကားတစ်စီးနဲ့ လာဖမ်းသွားတာ။ သူက အရင်တုန်းက ALP အဖွဲ့ဝင်ဟောင်း တစ်ယောက်လို့တော့ သိရတယ်။ နောက်ပိုင်း AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာပါ” ဟု ပြောသည်။

ဦးသန်းထိုက်ကြီးအား ဖမ်းဆီးစဉ်တွင် လက်နှောက်ပြန်ကြိုးတုပ်ကာ ခေါင်းကို မျက်နှာဖုံးစွပ်ပြီး ဖမ်းဆီး သွားသည်ကို တွေ့မြင်လိုက်ရသည်ဟု မျက်မြင်တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ သူ့ကိုဖမ်းတဲ့အကြောင်းပြချက်က ရခိုင်မြောက်ပိုင်းက ပါတီတွေနဲ့ပက်သက်မှုရှိခဲ့တယ်။ လက်ရှိ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာပါ။ ဖမ်းတုန်းက လက်နှောက်ပြန်ကြိုးတုပ်ထားပြီး ခေါင်းစွပ်စွပ်သွားတယ်” ဟုပြောသည်။

၄င်းကို မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးသည့်အပြင် ယနေ့သြဂုတ်  ၁၇ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲသည် ဂွမြို့နယ် ကျိန္တလီမှ မြို့ပေါ်သို့ရောက်ရှိလာပြီး ဂွမြို့တွင် စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုများပြုလုပ်ကာ အင်အားထပ်မံဖြည့်တင်းထားကြောင်း သိရသည်။ ( ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ