ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျိန္တလီမြို့ကို AA ကထိန်းချုပ်ထားပြီး ဒေသခံများကို ဘေးလွတ်ရာသို့ကယ်ထုတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၁၈ / ၂၀၂၄

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊  ကျိန္တလီမြို့ ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး ဒေသခံများကို သြဂုတ် ၁၇ ရက်နေ့တွင် ဘေးလွတ်ရာသို့ ကယ်ထုတ်နေကြောင်း ဒေသခံများထံမှသိရသည်။

ဒေသခံတစ်ဦးက “အခြေအနေ‌ကတော့ကောင်းပါတယ်။  AAကထိန်းချုပ်ထားနိုင်တဲ့အနေအထားပါ။ ပြည်သူတွေထိခိုက်သေ ဆုံးမှုတွေတော့ရှိပါတယ်။ အေအေက လော်စပီကာနဲ့အော်ပြီး လူစုပြီးကယ် ထုတ်နေတယ်ဗျ။  လက်နက်ကြီး ကတော့ပစ်တယ်ဗျ။ လေယဉ်လည်းလာတယ်။ စစ်ကောင်စီက ကုလားပြင် တံတားနားမှာ ခံစစ်ပြင်ထားတယ်” ဟု ပြောသည်။

ကျိန္တလီမြို့ တွင်းပိတ်မိနေသော ပြည်သူများအား အာရက္ခတပ်တော်မှ လော်စပီကာများဖြင့် အသိပေးပြီး စက်ကောင်စီလက်နက်ကြီးနှင့်လေကြောင်းဗုံးကြဲသည့်ကြားမှ ဘေးလွတ်ရာ နေရာများ သို့ပို့ ဆောင်ကယ်ထုတ်နေကြောင်း ဒေသခံများကဆိုသည်။

တိုက်ပွဲများကြောင့် ကျိန္တလီမြို့တွင် ပြည်သူ ထောင်နှင့်ချီပြီး ပိတ်မိနေရာ ထိုအထဲက အာရက္ခတပ်တော်မှ ၅၀၀ ကျော်ကယ်ထုတ်ထားပြီးဖြစ်သည်ဟု အေအေနှင့်နီးစပ်သူ ကျိန္တလီမြို့ခံ တစ်ဦးမှ နိရဥ္စရာကို သြဂုတ် ၁၇ရက်က အတည်ပြုသည်။

သြဂုတ် ၁၆ရက်နှင့် သြဂုတ် ၁၇ရက် တွင် ကျိန္တလီမြို့ အနီးရှိ ကျေးရွာများအား  စစ်ကောင်စီ ဂွမြို့နယ်မှ တပ်များဖြင့် အင်အားဖြည့်ထားပြီး ကုလားပြင် ကျေးရွာတွင်အထိုင်ချထားကာ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဒေသခံနောက်တစ်ဦးမှပြောသည်။

ဒေသခံနောက်တစ်ဦးက “ကျိန္တလီကစစ်တပ်တွေ ကုလားပြင်ကိုတပ်ဆုတ်ပြီး ဂွမြို့နယ်က အဖွဲ့တွေနဲ့ ကုလားပြင်မှာခံစစ်ပြင်ထားတယ်။ လက်နက်ကြီးတွေအထိုင်ချပြီး ကျိန္တလီကိုထုနေတယ်။ ဟိုနေ့တွေက ကျိန္တလီဘက်ကိုဂွကစစ်ကောင်စီတပ်တွေ တက်လာတာရှိတယ်။ မြို့ထဲမှာ တပ်တော်ရှိပါတယ်။ သူတို့ဝင်လို့မရဘူး” ဟု ပြောသည်။

ကျိန္တလီမြို့အနီးကျေးရွာများတွင် စစ်ကောင်စီတပ်သားများသည် ပြည်သူများ၏ ဆိုင်ကယ်များ၊ သုံးဘီးများ၊ စက်လှေများအား မတရားယူဆောင်နေကြောင်းလည်းသိရသည်။

ကျိန္တလီမြို့တွင် လူဦးရေတစ်သောင်းကျော်နေထိုင်ကြပြီး စစ်ကောင်စီတပ်စွဲထားသည့် ကုလားပြင်နှင့် ၅ မိုင်ခန့် အကွာတွင်တည်ရှိသည်။

စစ်ကောင်စီသည် ကျိန္တလီ နှင့် ဂွမြို့ ကြားရှိ ‌ကျောက်ပါးစပ် ၊ ကုလားပြင် ၊ ကိုင်းခုံ ၊ ဆပ်သွား ၊ ကြွေချိုင်၊ တိုင်ကျိုး ၊ မော်ရွှေချိုင်၊ ကမ်းသာယာ စသည့်နေရာများတွင် တပ်ဖြန့်ထားကြောင်းသိရသည်။

ရခိုင်ပြည်အတွင်း မောင်တောနှင့် သံတွဲမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဂွမြို့နယ်ထိ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာနေခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် သံတွဲနှင့် ဂွမြို့နယ်က ဒေသခံပြည်သူအများအပြားမှာ  ဧရာဝတီတိုင်းနှင့် ပြည်မဘက် တို့တွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ/  APN)

ဆက်စပ် သတင်းများ