ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့အဝင် ဗျိုင်းကျွန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေးကြိမ်တိုင် ဗုံးလာကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

 မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၁၈ /၂၀၂၄

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲတစ်စုံတရာမရှိဘဲ ဗျိုင်းကျွန်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေးကြိမ်တိုင် ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

ရသေ့တောင်မြို့အဝင်ရှိ ဗျိုင်းကျွန်းရွာဘုန်းကြီးကျောင်းကို ယနေ့ သြဂုတ်လ ၁၈ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် ဗုံးလာကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဥ္စရာကိုပြောသည်။

"ဆရာတော်တွေကို ဆွမ်းကျွေးလို့ ကားတွေစုပုံရပ်နေတာကို AA လို့ ထင်ပြီးပစ်ခဲ့တာပါ။ မောင်တောကိုသွားတဲ့ ဂျက်ထင်ပါတယ်။ ပြန်လှည့်လာပြီး ပစ်ခတ်ခဲ့တာပါ"ဟု ပြောသည်။

စစ်လေယာဉ်ပျံသန်းသွားသည်ကို မြင်၍ လူများတိမ်းရှောင်သွားကြစဉ် ပြန်လှည့်ပြီး ပစ်ခတ်လာ၍ လူအထိအခိုက်မရှိခဲ့သော်လည်း အဆိုပါဘုန်းတော်ကြီးကျောင်းမှာ ဆိုးဆိုးဝါးဝါး ပျက်စီး သွားခဲ့ရသည်ဟု ဆိုသည်။

ယင်းအပြင် ကားလမ်းပေါ်တွင်ရပ်ထားသည့်ကားနှစ်စီးပျက်စီးသွားသလို အနီးရှိ နွား ၃ ကောင်လည်း ဗုံးစထိမှန် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဗျိုင်းကျွန်းရွာသည် ထွန်းရဝေရွာနှင့် ပြားချောင်းကြီးရွာကြားတွင်ရှိသည်ဟုလည်း သိရသည်။

မေလ ၂၁ ရက်၊ နံနက် ၆ နာရီခန့်ကလည်း မောင်တောမြို့နယ်၊ သဝင်ချောင်းအနီး ပင်လယ်ပြင်တွင် ရပ်နားထားသည့် နေဗီက ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအား မေယုတောင်ကို ကျော်ပြီး လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် သက်ကြီးပိုင်းအရွယ်အမျိုးသား တစ်ဦးသေဆုံးပြီး  အမျိုးသမီးတစ်ဦးအပါအဝင် ၆ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်တစ်ခုလုံးသည် မတ်လ ၁၇ ရက်တွင် စစ်ကောင်စီထံမှ အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

လက်ရှိတွင် ဒေသတွင်းတည်ငြိမ်အေးချမ်းနေသော်လည်း စစ်ကောင်စီက အကြောင်းမဲ့သက်သက် လာရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ မေ ၁၄ ရက်၊ နံနက် ၁၁ နာရီခွဲတွင် လေကြောင်းမှဗုံးကြဲအပြီး တွေ့ရစဥ်။

ဆက်စပ် သတင်းများ