Preview

တောင်ကုတ် ကျောက်ကြီးကွင်းရွာအနီး စစ်ကောင်စီက ညအချိန် ဗုံးကြဲ၍ နေအိမ် ၁၀ လုံးခန့်ပျက်စီး

သြဂုတ် ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :2433
ရခိုင် သတင်း

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ ဩဂုတ် ၁၉ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကျောက်ကြီးကွင်းကျေးရွာအနီးရှိတောင်ကို စစ်ကောင်စီက ညအချိန် ဗုံးကြဲတိုက်ခိုက်၍ ကျောက်ကြီးကွင်းကျေးရွာမှ နေအိမ် ၁၀ လုံးခန့် ဗုံးစထိမှန်ပျက်စီးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ဩဂုတ်လ ၁၉ ရက်၊ မနက်အစောကြီး ၃ နာရီခွဲဝန်းကျင်က ကျေးရွာမြောက်ဘက်ကပ်လျက်တည်ရှိသည့် ကျောက်ကြီးကွင်းတောင်ကို စစ်ကောင်စီဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာသို့ပြောသည်။

"ကျောက်ကြီးကွင်းတောင်လို့ ခေါ်တယ်။ အဲဒီတောင်က ဥယျာဥ်တောင်ပါ။ရွာကတောင်ခြေရင်းမှာပါ။  ဗုံးတစ်လုံးကြဲချခဲ့တယ် လေယာဥ်က။ တောင်က သီးနှံစိုက်ခင်းတွေ၊ ဥယျာဉ်တောင်ထဲ သစ်ပင်တွေကျိုးကြေကုန်တယ်" ဟု ပြောသည်။

ဗုံးဆန်အစအနများကျရောက်ပြီး ကျောက်ကြီးကွင်းကျေးရွာမှ နေအိမ်အနည်းဆုံး(၁၀)လုံးမှာ အမိုးပွင့် ထွက်ပျက်စီးမှုရှိကြောင်း သူက ဆက်ပြောသည်။

ထိုသို့နေအိမ်များပျက်စီးမှုရှိသော်လည်း လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သူမက ဆက်ပြောသည်။

"လူတွေဘာတွေတစ်ခုမှထိခိုက်တာမရှိလို့ တော်သေးတယ်။ ဘာအတွက်ဗုံးကြဲချလဲဆိုတာ ကျွန်မတို့လည်းမသိနိုင်ဘူး။ အဲဒီတောင်က ဥယျာဥ်တောင်ပါ။ ဘာမှမရှိပါဘူး။ တိုက်ပွဲလည်းမဖြစ်ပါဘူး" ဟု ပြောသည်။

စစ်ကောင်စီလေယာဥ်က ဗုံးသုံးလုံးထိကြဲချခဲ့ပြီး တစ်လုံးမှာကျောက်ကြီးကွင်းတောင်ကို ကြဲချခဲ့ကြောင်းသိရသော်လည်း ကျန်နှစ်လုံးမှာမည်သည့်နေရာများသို့ ကြဲချခဲ့သည်ကို နိရဥ္စရာအနေဖြင့် အတည်မပြုနိုင်သေးပါ။

စစ်ကောင်စီဗုံးကြဲစဥ်ပေါက်ကွဲသံများကို တောင်ကုတ်မြို့ပေါ်ရပ်ကွက်များကပင် ကျယ်ကျယ်လောင်လောင် ကြားရကြောင်း မြို့ခံများကပြောသည်။

ကျောက်ကြီးကွင်းကျေးရွာသည် တောင်ကုတ်မြို့နှင့် (၁၀)မိုင်ခန့် ကွာဝေးပြီး အင်တာနက်လိုင်းပြတ်တောက်နေသည်မှာ (၄) လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိ၇သည်။

ဩဂုတ်လ ၁၆ ရက်၊ မနက်အစောကြီး ၃ နာရီကလည်း တောင်ကုတ်မြို့နှင့် ၈ မိုင်ခန့်ကွာဝေးသည့် မိုးတောင်နှင့် မိုးပညာဒါနကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ မိုးပညာဒါနကျောင်းဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိ၇သည်။

ဩဂုတ်လ ၁၅ ရက်မနက်အစောကြီး ၃ နာရီခွဲကလည်း တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာနှင့် ကမာကျေးရွာကြားရှိ အောင်မင်္ဂလာကျေးရွာအနီးရှိကွမ်းခြံစိုက်ခင်းတဲကို စစ်ကောင်စီလေယာဥ်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။

အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်ရန်ကြေညာထားသည့် စကခ(၅) အခြေစိုက် တောင်ကုတ်မြို့၏စစ်ရေးအခြေအနေမှာ ပိုမိုတင်းမာလာပြီး တိုက်ပွဲဖြစ်ရန် နေ့လားညလားအခြေအနေမျိုး ရောက်ရှိနေပြီဟု တောင်ကုတ်မြို့ခံများကပြောသည်။

AA အနေဖြင့် မြို့ကိုထိုးစစ်ဆင်ဝင်ရောက်မည့် လမ်းကြောင်းတချို့တွင်ရှိနေသည့် ကျေးရွာတစ်ချို့ကိုလည်း ယခုရက်ပိုင်းအတွင်းရွှေ့ပြောင်းခိုင်းထားကြောင်း စုံစမ်းသိရှိ၇သည်။ ( ဓာတ်ပုံ- ရခိုင်မှ ဗုံးကြဲခံရသည့် နေရာတစ်ခု/ ပုံဟောင်းဖြစ်ပါသည်။)

#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.