Preview

ဂွမြို့ နယ်မှ ဘုရားတောင်များအပါအဝင် နေရာ ၅ ခုတွင် AA ၏ ထိုးစစ်ကို ခုခံရန် အမြောက်ကြီးများတပ်ဆင်၍ စစ်ကောင်စီပြင်ဆင်

သြဂုတ် ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :2099
ရခိုင် သတင်း

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၁၉/၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့တွင် စစ်ကောင်စီက အာရက္ခတပ်တော် (AA)၏ ထိုးစစ်ကို ကြိုတင် ကာကွယ်သည့်အနေဖြင့် ဘုရားတောင်ပေါ်များအပါအဝင် နေရာ ၅ ခု၌ အမြောက်များဖြင့် အခိုင်အမာတပ်စွဲနေရာယူထားကြောင်း ဒေသခံများက ပြောသည်။

အမြောက်များဖြင့် အခိုင်အမာတပ်စွဲနေရာယူထားသည့်နေရာများမှာ ဂွမြို့မှ ငါးသိုင်းချောင်း ဘက်သို့အထွက် ၅၆၃ တပ်စခန်း၏ အနောက်ဘက်တွင်ရှိသည့် မင်းတောင်ဘုရားကုန်း၊ ဂွမြို့မှ ကျိန္တလီဘက်သို့သွားသည့်လမ်း ၅၆၂ တပ်စခန်း၏အထွက် ရွှေနန်းခိုင်စေတီတောင်ကုန်း၊ ကမ်းသာယာအနီး ရေမြင့်တောင်၊ ကြွေချိုင်ရွာအဝင် တံတားထိပ်တောင်ကုန်းနှင့် ကုလားပြင် ရဲစခန်းတောင်ကုန်းတို့ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းအနက် ကြွေချိုင်ရွာအဝင် တံတားထိပ်တောင်ကုန်းပေါ်နှင့် ကုလားပြင်ရဲစခန်း တောင်ကုန်းတို့ရှိ အမြောက်များကို ဩဂုတ်လ အစပိုင်းတွင် တပ်ဆင်ထားပြီး ကျန် ၃ ခုကို ဩဂုတ်လ ဒုတိယအပတ်ခန့်က စတင်၍ တပ်ဆင်ထားကြောင်း ဒေသခံများက ပြောသည်။

ဧရာ၀တီတိုင်းမှ အမြောက်တပ်ဖွဲ့ဝင် အချို့ကိုဂွမြို့သို့ ပို့ဆောင်ပြီး အဆိုပါ တောင်ကုန်းများတွင် တပ်စွဲနေရာချထားခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "အဓိက အမြောက်တပ်က ဧရာ၀တီဘက်မှာရှိတာ။ အဲ့ဒီကနေ လာတာ။ အေအေရဲ့ ထိုးစစ်ကို ကြိုတင်ကာကွယ်တဲ့ သဘောပေါ့။ အေအေ ရောက်လာနိုင်တယ်လို့ ထင်လို့ပေါ့။ အဲ့ဒီလမ်းကြောင်းအတိုင်း အေအေတပ်တော်က လာမယ်ဆိုရင် စစ်ကောင်စီက ခုခံကာကွယ်ဖို့ သဘောပေါ့" ဟုပြောသည်။

ယင်းသို့ အမြောက်များတပ်ဆင်နေရာယူပြီးနောက် ဂွမြို့တွင် ယမန်နေ့ ဩဂုတ်လ ၁၈ ရက်၊ နံနက် ၁၁ နာရီခန့်၌ စစ်ကောင်စီ၏ အမြောက်ပစ်ခတ်သံ ၂ ချက်ကို စတင်ကြားလိုက်ရ၍ စိုးရိမ်ခဲ့ရကြောင်း နောက်ထပ် ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့က အမြောက်ပစ်သံ ၂ ချက်ကြားလိုက်တယ်။ အရင်က ပစ်တာမရှိသေးဘူး။ ဂွမြို့ပေါ်မှာ အမြောက်ဆင်ထားတာ မကြာသေးဘူးလေ။ သူတို့အမြောက်တပ်စွဲထားတဲ့ နေရာတွေက အပေါ်စီးကနေ ဂွတစ်မြို့လုံး ခြုံကြည့်လို့ရတယ်။ ဒီလိုပစ်သံတွေ စပြီးကြားလာရတော့ စိုးရိမ်တာပေါ့" ဟုပြောသည်။

စစ်ကောင်စီသည် ကျိန္တလီမြို့ကို လက်လွှတ်လိုက်ရပြီးနောက် ကျိန္တလီမြို့နှင့်  ဂွမြို့ အကြားရှိ ကျောက်ပါးစပ် ၊ ကုလားပြင် ၊ ကိုင်းခုံ ၊ ဆပ်သွား ၊ ကြွေချိုင်၊ တိုင်ကျိုး ၊ မော်ရွှေချိုင်၊ ကမ်းသာယာ စသည့်နေရာများတွင် တပ်ဖြန့်ထားကြောင်းလည်း သိရသည်။

ရခိုင်ပြည်အတွင်း မောင်တောနှင့် သံတွဲမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေသလို တိုက်ပွဲများမှာ ဂွမြို့နယ်အထိ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာနေခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် သံတွဲနှင့် ဂွမြို့နယ်မှ ဒေသခံပြည်သူအများအပြားမှာ ဧရာ၀တီတိုင်းနှင့် ပြည်မဘက်တို့တွင် စစ်ဘေးတိမ်းရှောင်နေကြ၇သည်။

 

ဓာတ်ပုံ - ပုံဟောင်း

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.