အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူ ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်တွင် အစစ်အဆေးကြမ်းပြီး ဂိတ်ကြေး သိန်းချီပေးနေရ၍ ခရီးသွားများအခက်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

(အမျိုးသမီးငယ်များအား စစ်ဆေးရာတွင်လည်း ကိုယ်ထိလက်ရောက် စော်ကားမှုရှိနေဟုဆို)

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ် ၂၀/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစစ်အဆေးကြမ်းပြီး ဂိတ်ကြေးများ သိန်းနှင့်ချီတောင်းခံမှုများကြောင့် အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။

ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်သည် မြို့အဝင်/အထွက် ဖြတ်သန်းသွားလာမှု ပြုလုပ် နေကြသည့် ဒေသခံခရီးသွားပြည်သူများကို ဂိတ်ကြေးအဖြစ်     လူတစ်ဦးစီလျှင် အသွားအပြန် ကျပ် ၂ သိန်းနှုန်းစီ တောင်းခံကာ စစ်ဆေးမှုလည်းတင်းကျပ်နေသဖြင့် အခက်အခဲ ကြုံနေရသည်ဟု စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာဖူးသည့် အမျိုးသမီး တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“နယ်ကနေ မြို့ထဲကိုဝင်ရင် တစ်သိန်း၊ ပြန်ထွက်ရင်လည်း တစ်သိန်းပေးရတယ်။ သွားလာတဲ့ သူတွေ ယောကျ်ားမိန်းမဟူသမျှကို စစ်ဆေးတယ်။ မပေးနိုင်ရင် မသွားနဲ့။ သေသွားလည်း ဂရုမစိုက်ဘူးဆိုတာမျိုးတွေပြောတယ်။ ကားတစ်စီးမှာ လူဆယ်ယောက်ပါရင် ဆယ်သိန်း။ အဲလိုမျိုးတောင်းနေတာ။ ကျန်းမာရေးမကောင်းလို့ မရှိတဲ့သူတွေမှာ ဆေးကုသမှုစရိတ်ထက် ဂိတ်ကိုပေးရတာက ပိုများနေတော့ ဒုက္ခရောက်နေရတယ်” ဟု ပြောသည်။

ယင်းအပြင် ဂိတ်တွင် စစ်‌ဆေးခံနေရသူများအနက် အမျိုးသမီးငယ်များကို စစ်ဆေးရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သီးသန့်နေရာသို့ခေါ်ယူကာ ကိုယ်ထိလက်ရောက် စော်ကားမှုများ ရှိနေသည်ဟု ကျောက်ဖြူမြို့ခံအမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ယောကျ်ားလေးတွေကိုကျ ပုံမှန်ဂိတ်မှာပဲစစ်ဆေးပြီးတော့ မိန်းကလေးတွေကိုကျ စစ်ဆေးဖို့နေရာသီးသန့်ခေါ်ပြီး အဝတ်အစား၊ အတွင်းခံကအစ အပေါ်အောက် စစ်ဆေးပြီး ကိုယ်ထိလက်ရောက်စော်ကားမှု လုပ်တာတွေရှိတယ်”ဟု‌ ပြောသည်။

ယင်းအပြင် ဂိတ်ကိုဖြတ်သန်းသွားလာသူများထံမှ စားနပ်ရိက္ခာနှင့်ဆေးဝါးကိုလည်း သိမ်းဆည်းမှုများရှိနေသည်ဟု ၄င်းက ပြောသည်။

“မြို့ကိုတစ်ခါလာရင် ဂိတ်ခ ၂ သိန်းကုန်တော့ ဆန်တွေအိတ်လိုက်ဝယ်ပြီး ပြန်လာတော့ အိမ်မှာလူဘယ်နှစ်ယောက်ရှိလဲမေးပြီး ဆန်တွေကို လိုတာထက်မယူနဲ့ဆိုပြီး သိမ်းတယ်။ ဆေးတွေကိုလည်း အများကြီးတွေ့ရင် သိမ်းတယ်။ ဂိတ်ကြေးများလို့ မြို့ကိုခဏခဏ မလာနိုင်လို့ ဆေး ၂ လစာ၊ ၃ လစာဝယ်သွားလည်း ဂိတ်က စစ်ကောင်စီရဲ့ သိမ်းဆည်းတာကို ခံရတယ်”ဟုပြောသည်။

ရခိုင်ပြည်သူလူထုအများစုသည် အာရက္ခတပ်တော် (AA)ကို ထောက်ခံနေသည့်အတွက် စစ်ကောင်စီသည် ပြည်သူများကို AA ဟု သတ်မှတ်ကာ ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်နေသည်ဟု စစ်ရေးလေ့လာသူအမျိုးသားတစ်ဦးက နိရဥ္စရာကိုပြောသည်။

“အဓိက လက်ရှိမှာ ရခိုင်ပြည်သူလူထုအများစုက အာရက္ခတပ်တော်ကို ထောက်ခံတဲ့ သူများတော့ စစ်ရေးအရရော၊ လူထုထောက်ခံမှုရော အားနည်းနေတဲ့ စစ်ကောင်စီက ပြည်သူလူထုဟူသမျှ အဓိက နယ်ဘက်ကလူဟူသမျှကို AA လို့သတ်မှတ်ပြီး ဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ဖန်တီးနေတာ” ဟုပြောသည်။

ယခုကဲ့သို့ ကျောက်တစ်လုံးစစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေသည့် စစ်ကောင်စီထဲတွင် ကျောက်တလုံးကယ်ဆယ်ရေးစခန်းမှ စစ်သင်တန်းဆင်းမွတ်ဆလင်များလည်းပါဝင်သည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်မှ နယ်ကျေးရွာအများအပြားကို AA က ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီသည် နယ်ကျေးရွာများမှ ပြည်သူလူထုများကို အဓိကပစ်မှတ်ထားပြီး ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းအပြင် နယ်ဘက်သို့ စားနပ်ရိက္ခာများ ပို့ဆောင်ခြင်းကိုပါ ပိတ်ပင်ထားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။

 

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ