စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီများအား UEC နှင့်တွေ့ရန် နေပြည်တော်သို့ဖိတ်ခေါ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၂၀/၂၀၂၄

စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)နှင့် တွေ့ရန် နေပြည်တော်သို့ဖိတ်ခေါ်ထားသည်ဟု သိရသည်။

ထိုပါတီအသီးသီးမှ သက်ဆိုင်ရာကိုယ်စားလှယ်များသည် သြဂုတ်လ ၂၃ ရက်တွင် နေပြည်တော်သို့အရောက်လာရမည်ဖြစ်ပြီး သြဂုတ်လ ၂၄ ရက်တွင် UEC နှင့်တွေ့ဆုံကြရမည်ဖြစ်သည်။

တွေ့ဆုံပွဲတွင် မည်သည့်အကြောင်းအရာများကို ဆွေးနွေးမည်ဆိုသည်ကိုမသိရသေးဟုလည်း ရခိုင်မှ မှတ်ပုံတင်ထားသည့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိန်လှကျော်က နိရဥ္စရာကိုပြောသည်။

"နေပြည်တော်မှာတွေ့ဖို့ဖိတ်တာ။ ဘာကိစ္စနဲ့တွေ့ဖို့ဖိတ်တယ်ဆိုတာမသိရဘူး"ဟု ပြောသည်။

တွေ့ဆုံပွဲသို့ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူး(၂)ဦးသန်းဌေးတက်ရောက်မည်ဟု ဆိုသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP) ခေါင်းဆောင်အချို့နှင့် နေပြည်တော်တွင် သီးသန့်တွေ့ဆုံခဲ့သေးသည်။

ယင်းနောက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီကိစ္စများကို လုပ်ဆောင်နိုင်ရေး ဆွေးနွေးရန်ဟုဆိုကာ မှတ်ပုံတင်ထားသည့်ပါတီများကို UEC က ဖိတ်ကြားလာခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်တွင် စစ်ကောင်စီထံမှတ်ပုံတင်ထားကြသည့် နိုင်ငံရေးပါတီ ၅ ခုရှိသည်။

ယင်းပါတီများမှာ ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မြိုတိုင်းရင်းသားပါတီ(MNP)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP) တို့ဖြစ်သည်။

ယင်းအနက် မြိုတိုင်းရင်းသားပါတီ(MNP)ကို UEC က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် ဖျက်သိမ်းခဲ့သည်။

အာဏာသိမ်းပြီးနောက် UEC က အသစ်ပြဋ္ဌာန်းလိုက်သည့် တင်းကျပ်သော သတ်မှတ်ချက်ဖြစ်သည့် မြို့နယ် ၅ ခုတွင် အချိန်တိုအတွင်း ပါတီရုံးများဆောက်ရမည်ဟူသည့် သတ်မှတ်ချက်မပြည့်သဖြင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် ယခုတွေ့ဆုံပွဲသို့ ရခိုင်မှ ပါတီ ၄ ခုသာ တက်ရောက်ရတော့မည်ဟု သိရသည်။

စစ်ကောင်စီသည် လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်သွားမည်ဟု အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

ယင်းသို့ရွေးကောက်ပွဲကျင်းပနိုင်ရန် အကြိုလုပ်ဆောင်ချက်အဖြစ် အိမ်အကြောင်းအရာနှင့်သန်ခေါင်စာရင်းကိုလည်း လာမည့်အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူရန် စစ်ကောင်စီက ပြင်ဆင်လျက်ရှိသည်။

ဓာတ်ပုံ - UEC နှင့် နိုင်ငံရေးပါတီများ ယခင်ကတွေ့ဆုံခဲ့မှု ပုံဟောင်း။

ဆက်စပ် သတင်းများ