Preview

တောင်ကုတ်မှ စစ်တပ်မိသားစုများ ပြည်မြို့ဘက်သို့ထွက်ပြေး

သြဂုတ် ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :3614
ရခိုင် သတင်း

သဉ္ဇာနွယ်၊နိရဉ္စရာ၊ ဩဂုတ် ၂၀/၂၀၂၄

ရခိုင်ပြည်၊တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA) ထိုးစစ်ဆင်လာမည်ကို ကြောက်လန့် စိုးရိမ်ရာမှ အရာရှိမိသားစုများအပါအဝင် ရဲဘော်မိသားစုများသည် မကွေးတိုင်း၊ပြည်မြို့ဘက်ကို ထွက်ပြေး လျက်ရှိကြောင်းသတင်းရရှိသည်။

တောင်ကုတ်မြို့နယ်မှစစ်ကောင်စီ၏ တောင်ပေါ်ကြီးဂိတ်နှင့်ညောင်ကျိုးဂိတ်ကို AAက ထိုးစစ်ဆင်မည့်သတင်းထွက်ပေါ်နေ၍၎င်းဂိတ်များမှ စစ်တပ်မိသားစုများနှင့် တောင်ကုတ် တပ်ရင်းများဖြစ်သည့်ခမ၇ ၃၄၆၊ ခမ၇ ၅၄၄ များမှ စစ်တပ်မိသားစုဝင်တချို့မှာ ပြည်ဘက်သို့ ယမန်နေ့ ဩဂုတ် ၁၉ရက်နေ့မှစတင်ကာ ဆိုင်ကယ်များဖြင့်ထွက်ပြေးလျက်ရှိသည်ဟု ဒေသခံမျက်မြင် အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"အဲ့ဒီတောင်ပေါ်ကြီးဂိတ်နဲ့ညောင်ကျိုးဂိတ်ကို AAကတိုက်မယ်ဆိုပြီး သတင်း ထွက်နေတော့ စစ်တပ်ထဲကမိသားစုတွေ၊ အရာရှိမိသားစုတွေရော၊ ရဲဘော် မိသားစုတွေရော မနေ့ကဆိုရင် ဆိုင်ကယ်တွေနဲ့ အချိန်ပိုင်းအလိုက်အုပ်စုလိုက်ထွက်ပြေးနေကြတယ်။ တောင်ကုတ်နဲ့ အနီးစပ်ဆုံး ပြည်ဘက်ကိုထွက်ပြေးနေကြတာပါ"ဟုပြောသည်။

တောင်ကုတ်-ပြည်လမ်းတစ်လျှောက်မှစစ်ကောင်စီဂိတ်များကို ဖြတ်သန်းသွားလာမည် ဆိုပါကစစ်တပ်မိသားစုများမှာလည်း စကခ(၅)တပ်မမှူးလက်မှတ်ပါမှဖြတ်သန်း သွားလာခွင့်ရသည်ဟု စစ်တပ်နှင့်နီးစပ်သူအမျိုးသားတစ်ဦးကနိရဉ္စရာကိုပြောသည်။

"အဲဒီနေရာတွေကို စစ်တပ်မိသားစုဖြစ်ဖြစ်၊ဘယ်သူပဲဖြစ်ဖြစ် တပ်မမှူးလက်မှတ်မပါရင် သွားလို့မရဘူး။ အခု တပ်မမှူးကိုယ်တိုင် ခွင့်ပြုထားတာ။ မိသားစုတွေကို တပ်သားတွေက လိုက်ပို့ခွင့်မရဘူး။ ထွက်ပြေးမှာကို ကြောက်လို့မပို့ခိုင်းဘူး။ မိသားစုတွေဘဲ ထွက်ပြေးကြတာ" ဟုပြောသည်။

ယင်းအပြင်တောင်ကုတ်မြို့နယ်ပတ်ဝန်းကျင်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက  လေယာဉ်ဖြင့် ဗုံးကြဲမှုများကို ခပ်စိတ်စိတ်ပြုလုပ်နေသလို မြို့အနီးဝန်းကျင်တွင်လည်ဝဲပျံနေသဖြင့်ဗုံးလာကြဲမည်ကို ဒေသခံများမှာ စိုးရိမ်နေကြကြောင်း သိရသည်။

ယခုဩဂုတ်လပထမအပတ်မှစ၍တောင်ကုတ်တွင် စစ်ကောင်စီ၏တပ်ရင်း စခန်းများက မကြာခဏလက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ၍ မြို့ခံပြည်သူများအကြားစိုးရိမ် ထိတ်လန့်မှုများ ရှိနေကြကြောင်းလည်း သိရသည်။

ယင်းအပြင်ဩဂုတ်ဒုတိယအပတ်ကလည်း စစ်ကောင်စီတက်က တောင်ကုတ်မြို့နယ်မှ ကျေးရွာတချို့ကိုသုံးရက်တိုင်တိုင် ဗုံးလာကြဲမှုများ ရှိခြင်းကြောင့် နေအိမ်တချို့ ပျက်စီးမှုများ ရှိခဲ့ကြောင်းသိ၇သည်။   (ဓာတ်ပုံ- ညောင်ကျိုး ဂိတ်စခန်း/Eleven)

#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.