အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး AA သံသယဖြင့်ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

(လက်ရှိ အချိန်ထိ မိသားစုနှင့်အဆက်အသွယ်မရသေး)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဩဂုတ် ၂၀ /၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးသည် အာရက္ခတပ်တော် (AA)နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာမှ အုပ်ချုပ်ရေးမူး ဦးဂိုးချေ (၅၂)နှစ်ဖြစ်သည်။

သူသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်၊ နေ့လယ် ၁ နာရီခန့်က ကြိုးကြာကွင်း ကျေးရွာရှိ နေအိမ်တွင် မိသားစုနှင့်အတူထမင်းစားနေစဥ် ကြိုးကြာကွင်းစစ်ဆေးရေးဂိတ်မှ တာဝန်ခံ ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးက နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးသွားခဲ့သည်ဟု ရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"မိသားစုတွေနဲ့အတူတူထမင်းစားနေတဲ့အချိန် ဝင်ဖမ်းတာ။ ကြိုးကြာကွင်းဂိတ်က ဗိုလ်ပါတယ်။ နောက်ထပ် စစ်သား ၇ ယောက်ပါတယ်လာဖမ်းသွားတာ"ဟု ပြောသည်။

ဦးဂိုးချေကို AA နှင့်ဆက်စပ်သံသယအပြင် တပ်မတော်အကြည်ညိုပျက်ပြားစေမှုတို့ဖြင့် စွပ်စွဲကာ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"သူ့ကို အာရက္ခတပ်တော်(AA)နှင့်ဆက်စပ်သံသယအမှုနဲ့ တပ်မတော်အကြည်ညို ပျက်ပြားစေမှု‌တွေကို လုပ်တယ်ဆိုပြီး လာရောက်ဖမ်းတာ။ ခမရ ၃၄၆ ကို ယူသွားတယ်။ အခုအချိန်ထိ ရဲစခန်းကိုတော့မရောက်သေးဘူး။ မိသားစုနဲ့လည်း အဆက်အသွယ်မရဘူး"ဟုပြောသည်။

စစ်ကောင်စီသည် လက်ရှိတွင် အရပ်သားပြည်သူများကို AA သံသယဖြင့် ဖမ်းဆီးသည် သာမက မိမိလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများကိုလည်း သံသယစိတ်ဖြင့် လိုက်လံဖမ်းဆီးမှုများရှိလာနေသည်။ ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ