စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

စစ်တွေတွင် နေအိမ်ဖောက်ထွင်းခိုးယူသူအများစု ALP နှင့်ဆက်စပ်နေ၍ စစ်ကောင်စီက ဖမ်းဆီးအရေးယူခြင်းမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

နှင်းနွယ်နီ၊ နိရဥ္စရာ၊ သြဂုတ် ၂၀/၂၀၂၄

ရခိုင်ပြည်မြို့တော် စစ်တွေမြို့ရှိ စစ်ဘေးရှောင်နေသူများ၏နေအိမ်များကို ဖောက်ထွင်း ခိုးယူသူများကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့်ဆက်စပ်နေသူများဖြစ်၍ စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုမရှိကြောင်း မြို့ခံများက ပြောကြသည်။

စစ်တွေမြို့မှ ပြည်သူအများစုသည် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ရန်ကုန်မြို့နှင့် အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာနယ်မြေများသို့ တိမ်းရှောင်လျက်ရှိကြသည်။

မြို့နေပြည်သူအများစု မြို့ကိုစွန့်ခွာသွားကြသည့်အတွက် မြို့တွင်ကျန်ရစ်သူများမှာ အလုပ်အကိုင်မဲ့ပြီး စားဝတ်နေရေးကျပ်တည်းလာကာ တချို့မှာ နေအိမ်များမှ ဖောက်ထွင်း ခိုးယူပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အလုပ်မရှိ အကိုင်မရှိကြတော့ ခိုးတဲ့သူတွေမှာလည်း ခိုးကြတယ်။ လူမနေတဲ့ အိမ်တွေကို ဖြိုပြီးတော့ ရောင်းစားသူတွေလည်း စားကြတယ်။ တချို့ဆို အိမ်ဖြိုထားတဲ့ သစ်ပုံတွေကို ဝယ်ပြီး ထင်းအဖြစ် ရောင်းစားကြတယ်” ဟုပြောသည်။

စစ်တွေမြို့ကို စွန့်ခွာသွားကြသည့် နေအိမ်များမှ ညအချိန်မဟုတ်ဘဲ နေ့အချိန်ပင် အကြောက်အလန့်မရှိ ခိုးယူနေကြသည့်အတွက် စိုးရိမ်မိသည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ခိုးကြတယ်ဆိုတာမှာ နေ့ခင်းကြောင်တောင်တက်ခိုးတယ်။ ကျနော်တို့အိမ်နားမှာဆို အိမ်ပေါ်မှာ မူးယစ်ဆေးပါ သုံးကြသေးတယ်။ ဒါကိုမြင်လို့ သွားတားမယ်ဆိုရင် ကိုယ့်ကို အသက်အန္တရာယ်ပြုနိုင်လို့ မပြောရဲဘူး” ဟုပြောသည်။

ခိုးယူသူများ များပြားနေကြသော်လည်း ခိုးယူသူများကို စစ်ကောင်စီက မဖမ်းဆီးခြင်းမှာ စစ်ကောင်စီနှင့်နီးစပ်သည့် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ALP ပါတီနှင့် ဆက်စပ်နေသူများဖြစ်၍ မဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု သူက ဆက်ပြောသည်။



“အခုက ခိုးတဲ့သူတွေက ALP ကို ဝင်ထားကြတယ်။ ခိုးလို့ ရဲစခန်းမှာ အဖမ်းခံရရင် ALP က သူတို့အဖွဲ့မှာ ဝင်ဖို့ ခေါ်ပြီး အာမခံနဲ့ထုတ်ပေးတယ်လို့ကြားတယ်။ ဒါကြောင့် နာဇီရွာတို့၊ ရွှေပြားတို့ဘက်က တချို့ဆို ALP ထဲ မနည်းဝင်သွားကြတယ် ကြားမိတယ်။ ဒီလောက် နေ့ခင်းကြောင်တောင် အိမ်တွေက ပေါ်တင်ခိုးရဲတယ်။ အိမ်ပေါ်မှာ တက်နေရဲတယ် ဆိုကလည်းက စဥ်းစားကြည့်လေ။ နောက်က အဖွဲ့အစည်းတစ်ခုရှိနေတယ်ဆိုတာ သေချာနေတာပဲ မဟုတ်ဘူးလား” ဟုပြောသည်။

ALP သည် စစ်တွေမြို့တွင် ယခင်ကတည်းက ခိုးဆိုးလုယက်သူများကို သူတို့အဖွဲ့ဝင်အဖြစ် လက်သပ်မွေးထားကြောင်း စစ်တွေမြို့ခံများက ပြောကြသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး  ခိုးဆိုးလုယက်သူများမှာ နီးစပ်မှုရှိ/မရှိ ALP တာဝန်ရှိသူများကို နိရဥ္စရာအနေဖြင့် မေးမြန်း၍ မရသဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ယခုကဲ့သို့ စစ်တွေမြို့တွင် ခိုးဆိုးလုယက်သူများက နေအိမ်များကို ဖောက်ထွင်းခိုးယူခြင်းများ အပြင် နေအိမ်ပေါ်ကို တက်ရောက်ပြီး မူးယစ်ဆေးသုံးစွဲခြင်းနှင့် မီးရှို့ခြင်းများ ရှိနေသော်လည်း စစ်တွေမြို့ကို အုပ်ချုပ်နေသည့် ဦးထိန်လင်း၏ ပြည်နယ်စစ်ကောင်စီက အရေးယူဆောင်ရွက်ခြင်းများမရှိဟု ပြည်သူများက ပြောကြသည်။

ထို့ကြောင့် မြို့နေပြည်သူများမှာ ညအချိန်ရောက်လျှင် မလုံခြုံမှုများကို ခံစားနေကြရပြီး ဆွေမျိုးအချင်းချင်း စုနေမည်ဆိုလျှင်လည်း စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးကာ ဖမ်းဆီးခြင်းများရှိနေသည့်အတွက် ပိုပြီး အခက်အခဲဖြစ်နေကြရသည်ဟု သိရသည်။

စစ်တွေတွင် လူမနေသည့်အိမ်များကို ဖောက်ထွင်းခိုးယူခြင်းနှင့် ဖြိုဖျက်ရောင်းစားပြီး စားဝတ်နေ‌ရေးကို ဖြေရှင်းနေကြသူများရှိသော်လည်း တစ်ဘက်တွင် လမ်းဘေးမှ အသီးအရွက်များကို ခူးယူစားသောက်သူ၊ တောင်းရမ်းစားသောက်သူ၊ ဆိုက္ကားနင်းသူ၊ ‌ရေအိုင်နှင့်ချောင်းမြောင်းများမှ ငါးဖမ်းပြီး ရောင်းစားသူ အစရှိသကဲ့သို့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြသူများလည်း ရှိကြောင်း မြို့ခံများက ပြောကြသည်။

ဓာတ်ပုံ - စစ်တွေရှိ လူမနေသည့်အိမ်များကို ဖောက်ထွင်းပြီး နေအိမ်တံခါးများအား ဖြိုဖျက်ကာ ထင်းအဖြစ်ရောင်းစားနေမှုအား တွေ့ရစဥ်။ (Photo-CJ)

ဆက်စပ် သတင်းများ