အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ် တန်းလွဲချောင်းဖျားရှိတောင်တန်းကို စစ်ကောင်စီ ဗုံးလာကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဩဂုတ် ၂၀/၂၀၂၄

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ တန်းလွဲချောင်းဖျားတောင်တန်းကို စစ်ကောင်စီက ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဩဂုတ် ၂၀ ရက်၊ နေ့လယ် ၂ နာရီခန့်မှစ၍ ၂ နာရီကျော်အထိ Y-12 ထောက်ပို့ လေယာဥ်ဖြင့် ဗုံး ၆ လုံးကို နှစ်ကြိမ်တိုင်တိုင်လာရောက်ကြဲခဲ့သည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"တိုက်ပွဲမရှိဘဲ တောင်ကုတ်ကိုလည်း အေအကေ တိုက်ခိုက် သွားမယ်လို့ သတင်းတွေ ထွက်နေတဲ့ သွေးရူးသွေးတန်းနဲ့ ဗုံးတွေပဲ ပတ်ကြဲနေတာ။ ဒီနေ့ပစ်နေတာက တောင်တန်းတွေကိုပဲ ပစ်နေခဲ့တာပါ" ဟုပြောသည်။

အဆိုပါတောင်တန်းအနီးတွင် အိမ်ခြေ ၃၀ ရှိသည့် ကျွဲသေရွာနှင့် အိမ်ခြေ ၂၅ ဆောင်ရှိသည့် သက်ရှင်ရွာတို့ရှိသည်ဟု သိရသည်။

လက်ရှိတွင် ဗုံးလာကြဲသည့်အတွက် အဆိုပါကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပြီး ထိခိုက်မှုအခြေအနေကို လောလောဆယ် မသိရသေးဟု ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ပျက်စီးထိခိုက်မှုကိုမသိသေးဘူး။ ဗုံးကြဲနေတော့ အသက်ဘေးကလွတ်မြောက်အောင်ပဲ ထွက်ပြေးလာရတယ်"ဟု ပြောသည်။

အဆိုပါတောင်တန်းတွင် အာရက္ခတပ်တော်(AA)ရှိနိုင်သည်ဟုယူဆချက်ဖြင့် ယခုကဲ့သို့ ဗုံးလာကြဲခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ကျောက်ကြီးကွင်းကျေးရွာအနီးရှိ တောင်ကို စစ်ကောင်စီက ညအချိန် ဗုံးကြဲတိုက်ခိုက်၍ ကျောက်ကြီးကွင်းကျေးရွာမှ နေအိမ် ၁၀ လုံးခန့် ဗုံးစထိမှန်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၆ ရက်၊ နံနက်အစောကြီး ၃ နာရီကလည်း တောင်ကုတ်မြို့နှင့် ၈ မိုင်ခန့်ကွာဝေးသည့် မိုးတောင်နှင့် မိုးပညာဒါနကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ မိုးပညာဒါနကျောင်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၅ ရက်၊ နံနက်အစောကြီး ၃ နာရီခွဲကလည်း တောင်ကုတ်မြို့နယ်၊ ဆားပြင် ကျေးရွာနှင့် ကမာကျေးရွာကြားရှိ အောင်မင်္ဂလာကျေးရွာအနီးရှိ ကွမ်းခြံစိုက်ခင်းတဲကို စစ်ကောင်စီလေယာဥ်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကြောင့် တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက AA ရှိနိုင်သည်ဟုယူဆကာ တစ်ပတ်အတွင်း ၄ ကြိမ်တိတိ ဗုံးလာကြဲခဲ့ပြီဖြစ်သည်။

ယင်းအပြင် တောင်ကုတ်မြို့နယ်တွင် AA ဝင်ရောက်နိုင်သည့် ဝင်ပေါက်လမ်းတချို့ဟု သတ်မှတ်ထားသည့်နေရာများ၌ စစ်ကောင်စီက မြေမြှုပ်မိုင်းများထောင်ထားကြောင်းလည်း သိရသည်။

ဓာတ်ပုံ - သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်ရှိ တောင်တန်းများတွင် ၂၀၂၄ ခုနှစ်၊ မေလအတွင်း AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့စဥ်။

ဆက်စပ် သတင်းများ