စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

မောင်တောတွင် စစ်‌ကောင်စီဖမ်းဆီးထားသည့် မြိုလူမျိုး ၃ ဦးအပါအဝင် ဒေသခံအများအပြား သတ်ဖြတ်ခံရဟု သတင်းများထွက်ပေါ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၂၁ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောတွင် စစ်‌ကောင်စီထံ ဖမ်းဆီးခံထားရသည့် လူနည်းစု မြိုလူမျိုး ၃ ဦးအပါအဝင် ဒေသခံအများအပြား သတ်ဖြတ်ခံလိုက်ရပြီဟု သတင်းများ ထွက်ပေါ်လာသည်။

ထိုသတ်ဖြတ်ခံလိုက်ရသည့် မြိုလူမျိုး ၃ ဦးမှာ ကိုင်းကြီး(မြို)ကျေးရွာမှ သုံးဘီး ဆိုင်ကယ် မောင်းသူ ဦးနိုင်ဝိုင်း (၃၈)နှစ်၊ ခုံတိုင်ကျေးရွာမှ ဒေသခံတစ်ဦးနှင့် လောင်းဒုံကျေးရွာမှ ဒေသခံတစ်ဦးတို့ ပါဝင်ကြကြောင်း မြိုလူမျိုးများထံမှ သိရသည်။

ကိုင်းကြီး(မြို)ကျေးရွာမှ ရွာလူကြီး ဦးစံထွန်းက "သူတို့ကိုဖမ်းဆီးပြီး တစ်ပတ်လောက် အကြာမှာ ကျွန်တော်တို့ မြိုလူမျိုးတွေ နခခ(၅)ကို  သွားပြီးစုံစမ်းကြပါသေးတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ လူစာရင်းကို ပြပါတယ်။ မင်းတို့ လူနာမည်ပါလားကြည့်ပါတဲ့။ ငါတို့က လူဖမ်းဖို့ လာတာမဟုတ်ဘူး။ စစ်တိုက်ဖို့လာတာ။ ငါတို့ဆီမှာ ဖမ်းထားတာမရှိဘူး။ နယ်ခြားစောင့်ကို သွားမေးလို့ပြောပါတယ်”ဟု ပြောသည်။

သို့အတွက် နယ်ခြားစောင့်တပ်ကို ဆက်လက်သွားမေးခဲ့ရာ ၎င်းလူများကို စစ်တပ်က သတ်ဖြတ်လိုက်ပြီဟု ပြောကြားသည်ဟု ဦးစံထွန်းက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

“ ကျွန်တော်တို့ နယ်ခြားစောင့်တွေကို သွားမေးတော့ ဒီလူတွေကို  စစ်တပ်ကဖမ်းဆီးပြီး သတ်လိုက်ပြီလို့ ပြောလိုက်တယ်"ဟု ပြောကြားသည်။

ထိုမြိုလူမျိုး ၃ ဦးမှာ ပြီးခဲ့သည့် ဧပြီလ ၃ ရက်က မောင်တောမြို့၌ ရွှေရောင်းချခဲ့သည့် ငွေကျပ်သိန်း (၁၈၀) ဖြင့် ၃ မိုင်သို့ပြန်လာစဉ် နခခ(၅)ရှေ့၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ငွေနှင့်အတူ လူများကို အစဖျောက်လိုက်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ထို့အတူ မေလ ၃၀ ရက်တွင် စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ကြရသည့် အောင်မြေဗောဓိကျေးရွာမှ ဒေသခံ ၆ ဦးအနက် ရခိုင်လူမျိုး ၅ ဦးဖြစ်ကြသည့် ဦးဒေါင်းပြောက်၊ မောင်မောင်​ချေ၊ အရိုး၊ နေမျိုးထွန်း(မီးသတ်တပ်ဖွဲ့ဝင်)နှင့် ဦးမြတ်နိုင်တို့မှာလည်း နခခ(၅)တပ်ရင်းအတွင်း စစ်‌ကြောရေး၌ အသတ်ခံခဲ့ရပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။

သူတို့ ၅ ဦးနှင့်အတူဖမ်းဆီးခံခဲ့ရသည့် ဟိန္ဒူလူငယ်တစ်ဦးသာ ဇွန်လလယ်ပိုင်းတွင် လွတ်မြောက်လာခဲ့သည်ဟု မိသားစုဝင်အချို့က ပြောဆိုသည်။

မိသားစုဝင်တစ်ဦးက "လွတ်မြောက်လာတဲ့ ဟိန္ဒူလူငယ်ပြောပြချက်အရဆိုရင် သူတို့ ၅ ဦးလုံးစစ်ကြောရေးမှာ အသတ်ခံလိုက်ရပြီ။ သူတို့ကို အခန်းခွဲပြီး စစ်ကြော‌ရေးမှာ ရိုက်နှက်၊ သတ်ပုတ်သံတွေ နေ့စဉ်ကြားခဲ့ကြရတယ်လို့ ပြောတယ်။ သူလွတ်လာတဲ့အချိန်မှာလည်း သူတို့ ၅ ဦးလုံးရဲ့အရိပ် အယောင်တောင် မတွေ့ခဲ့ရဘူးလို့ ပြောတယ်"ဟု ဆိုသည်။

သူတို့သတ်ဖြတ်ခံရချိန်က ဆက်သွယ်ရေးလိုင်းများအခက်အခဲကြောင့် သတင်း အဆက်အသွယ် မရခဲ့ဘဲ ယခုမှ အဆက်အသွယ်ရလာ၍ ဒေသခံများနှင့် မိသားစုဝင်များက ပြောဆိုကြခြင်းဖြစ်သည်။

မောင်တောမီးစက်ခွဆုံနာရီစင်အနီးတွင်လည်း‌ သြဂုတ် ၈ ရက်က စစ်ကောင်စီ၏ လက်ကိုင်တုတ် စစ်သင်တန်းဆင်း မွတ်ဆလက် လက်နက်ကိုင်များက သတ်ဖြတ်ထားသည့် ဒေသခံရခိုင်နှင့် မွတ်ဆလင် ရုပ်အလောင်း ၈ လောင်းကိုတွေ့ခဲ့ရသည်ဟု သတင်း‌များကြားခဲ့ ရကြောင်း မြို့မှ ထွက်ခွာလာသည့် ဒေသခံမွတ်ဆလင်များက ပြောဆိုသည်။

"နာရီစင်အနီးက မွတ်ဆလင်နေအိမ်တစ်ခုမှာ ရခိုင်နဲ့ မွတ်ဆလင်‌အလောင်း ၈ လောင်း လောက် တွေ့ခဲ့ရတယ်လို့ သတင်းတွေကြားခဲ့ရတယ်။ ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ရဘူး"ဟု ပြောဆိုသည်။

၎င်းပြင် မောင်တောက ဇူလှိုင်လ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းဆရာ မြင့်ဇော်ဦး (၃၆) နှစ်မှာလည်း ယနေ့ အချိန်ထိ မိသားစုများနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေသည်ဟု ညီမဖြစ်သူက ပြောကြားသည်။

“ သတင်း‌ အစန ဘာမှ မကြားရသေးပါ။  ၇ လပိုင်း ၂ ရက်နေ့က  ကညင်တန်းစျေးမှာ စျေးဝယ်နေတဲ့ အချိန်မှာ RSO အကြမ်းဖက်တွေက ဖမ်းသွားတာပါ။ အခုအချိန်ထိ အဆက်အသွယ်မရဖြစ်နေပါတယ်”ဟု ပြောကြားသည်။

အလားတူ ဖမ်းဆီးခံထားရသည့်  မြေစာရင်းလက်ထောက်ဦး သိန်းကျော်မောင်(ဘ) ဦးကျော်သိန်းပါ ၄ ဦး၊ မောင်တောဆေးရုံမှ ဝန်ထမ်း နှစ်ဦးဖြစ်ကြသည့် ဦးရဲမင်းနှင့် ဦးရဲမင်းဦးနှင့် နောက်ထပ် အရပ်သား ၂၀ ကျော်တို့မှာလည်း အဆက်အသွယ်မရ​ ပျောက်ဆုံးနေကြောင်း သိရသည်။

မောင်တောမြို့မ‌မြောက်ရပ်ကွက်ဝိမလမှဒေသခံလူငယ် ၅ ဦးဖြစ်ကြတဲ့ အဝင်းချေ၊ ကျော်နိုင်ဦး(ခ) ကွမ်းသီး၊ နိုင်နိုင်ဇော်၊ လဘုချေ၊ ဇီးကွက်ချေတို့အားလည်း စစ်တပ်မှ ဖမ်းဆီးထားပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်းမိသားစုဝင်များ‌ကပြောဆိုသည်။

ဇူလိုင် ၂၂ ရက်နေ့၌ ဗိုလ်မှူးရွာသို့ အပြန်လမ်း၌ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင် လက်နက်ကိုင်များ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့်  ဦးကျော်စိန်အောင် (ဘ)ဦးမဲမောင်နှင့် ဇူလိုင် ၂၇ ရက်နေ့ ၌ အမှတ်(၁)ရပ်ကွက်ဈ ရှိတ္တာရွာနေအိမ်မှ ဦးမောင်အေး အပြင် ရွှေဇားမှဟိန္ဒူ လူမျိုး  ၂ ဦးမှာလည်းပျောက်ဆုံးလျှက်ရှိနေကြောင်းသိရသည်။

မောင်တောမြို့ နခခ(၅)တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ အပါအဝင် ရခိုင်၊ မွတ်ဆလင်နှင့် ဟိန္ဒူလူမျိုး ၁၀၀ ခန့်အား ဖမ်းဆီးချုပ်နှောင်ထားပြီး လူသားဒိုင်ကာအဖြစ် အသုံးပြုထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတိအကျ မည်သူမျှ ပြောဆိုနိုင်ခြင်း မရှိပါ။ (ဓာတ်ပုံ- မောင်တောမှ နစက စခန်းတစ်ခု/ပုံဟောင်းသာ)

ဆက်စပ် သတင်းများ