Preview

"ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့"ဖွဲ့စည်းခြင်းသည် စစ်ကောင်စီ၏ ယိုယွင်းလာသည်ကို ဖော်ပြနေခြင်းဖြစ်ဟုဆို

သြဂုတ် ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :4358
ရခိုင် သတင်း

မောင်စာဂ၊နိရဥ္ရရာ၊ သြဂုတ် ၂၂/၂၀၂၄

စစ်ကောင်စီကနိုင်ငံတဝန်းတွင် ရပ်ကွက်နှင့်ကျေးရွာအဆင့်အထိ လက်နက်များတပ်ဆင်ပေးမည့် "ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ် ကွပ်ကဲမှုအဖွဲ့"အမည်ရှိ အဖွဲ့တစ်ခုကို ဩဂုတ် ၁၆ ရက်ကဖွဲ့စည်းလိုက်ကြောင်း သိရသည်။

"ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့"ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခအားဆက်သွယ်မေးမြန်းရာ ယခုလို ပြောဆိုသည်။

"ဒါက အကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား ယိုင်နဲ့လာတာကို ပြသနေတာ ဖြစ်တယ်။  နောက်ပြီးလို့ရှိရင်  အကြမ်းဖက်စစ်ကောင်စီတပ်တွေစိတ်ဓာတ် ရေးရာတွေ ပျက်ပြားပြီးကမောက်ကမဖြစ်လာတာတွေ၊ အဲလိုဟာတွေကို ပြန်ပြီးတော့ ထိန်းသိမ်းဖို့အတွက် သူတို့ဟာ တစ်နိုင်ငံလုံးနဲ့ခြုံပြီးတော့ အရေးပေါ်ကော်မတီတစ်ရပ်ဖွဲ့စည်းတဲ့ အနေအထားမျိုးလို့ကျနော်က အဲလိုတော့ မြင်ပါတယ်။ ဆိုတော့ ပြောရမယ်ဆိုရင်ယိုယွင်း လာတဲ့အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းဖို့အတွက်အရေးပေါ်ကော်မတီကို ဖွဲ့ပြီးတော့အခြေအနေကို ထိန်းသိမ်းဖို့ကြိုးစားတာပါ"ဟုပြောသည်။

ယခုအဖွဲ့ဖွဲ့စည်းခြင်းသည် AA အပါအဝင်တိုင်းရင်းသားနက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါသလားဟု ဦးခိုင်သုခအား ဆက်လက်မေးမြန်းရာ ယင်းမေးခွန်းကိုဖြေရန် အချိန်စောသေးသည်ဟု ဖြေကြားသွားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ ယခုအဖွဲ့ဖွဲ့စည်းခြင်းသည်လက်ရှိ စစ်အာဏာရှင်အားတိုက်ခိုက်နေသည့် လက်နက်ကိုင်တော်လှန်ရေးအတွက် ကြီးမားသည့် အနှောင့်အယှက်မဖြစ်နိုင်ဟု သုံးသပ်ပြောသည်။

"ဒါတော့အနှောင့်အယှက်တော့ နည်းနည်းတော့ သက်ရောက်မှုတော့ တစ်စုံတရာ ရှိမှာပါ။ ဒါပေမဲ့ကြီးကြီးမားမားသက်ရောက်မှုမရှိနိုင်ပါဘူး။ အခုကလည်း သာမန်ပြည်သူလူထုဆိုတဲ့အထဲမှာလည်း အသက်အရွယ်အရရော၊စစ်မှုထမ်းဥပဒေအရရော၊ ကန့်သတ်ချက်တွေက အကုန်ပြည့်သလောက်ဖြစ်နေပါပြီ။ အဲတော့ သိပ်ပြီးတော့ ထိထိရောက်ရောက်ဖြစ်စရာလည်း အကြောင်းမရှိတော့ပါဘူး"ဟုပြောသည်။

"ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့" ၏လုပ်ငန်းတာဝန်များတွင် နေပြည်တော်အပါအဝင် တိုင်း၊ ပြည်နယ်၊ခရိုင်နှင့် မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များအဆင့်ဆင့်ဖွဲ့စည်းပြီး ရပ်ကွက်၊ ကျေးရွာအဆင့် ပြည်သူ့ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းရန်နှင့် လက်နက်များ တပ်ဆင်ခြင်းများကိုကွပ်ကဲရန် စသည့် အချက်များအပါအဝင် အချက် ၁၃ ချက်ပါရှိသည်ဟု သိ၇သည်။

ထိုအဖွဲ့တွင်စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ကာကွယ်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ(၂)နှင့်ဥက္ကဋ္ဌက တာဝန်ပေးအပ်သူက အတွင်းရေးမှူး အဖြစ်ပါဝင်ဖွဲ့စည်းထားသည်။

အလားတူအဖွဲ့ဝင်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ်နှင့်တွဲဖက်စစ်ထောက်ချုပ်၊ တိုင်းစစ်ဌာနချုပ်အားလုံးမှဒုတိယတိုင်းမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်၊မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ ဌာနချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စီမံရေးနှင့် တာဝန်ဌာန၊ တာဝန်ဌာနခွဲမှစစ်ဦးစီးဗိုလ်မှူးကြီး (တာဝန်)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ရုံးမှဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ကိုလည်းထည့်သွင်း ဖွဲ့စည်းထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.