အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ်မြို့အနီးအနားရှိ ကျေးရွာအချို့ကို စစ်ကောင်စီဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ်များပြိုပျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ ဩဂုတ် ၂၂ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့ အနီးတဝိုက်ရှိ ကျေးရွာအချို့အား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်အချို့ ပြိုပျက်သွားကြောင်း သတင်းရရှိသည်။

ယနေ့ သြဂုတ်လ ၂၂ ရက်၊ နေ့လယ် ၁ နာရီ ၂၀ မိနစ်မှစတင်ပြီး တောင်ကုတ်မြို့အနီးရှိ မိုးတောင်၊ ရွှေကွမ်းစမ်း၊ မီးကျောင်းထိုး၊ ဇိမ်ခံထွေစသည့်ကျေးရွာများအနီးသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ဗုံးကြဲတိုက်မှုကြောင့် မီးကျောင်းထိုးကျေးရွာမှ အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးကာ နေအိမ် ၃ လုံးပျက်စီးသွားကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "မိုးတောင်တို့၊ ဇိမ်ခံထွေတို့၊ ရွှေကွမ်းစမ်း ကျေးရွာတွေကို ဗုံးကြဲ တိုက်ခိုက်တာလို့ သိရတယ်။ မီးကျောင်းထိုးရွာက အိမ်သုံးလုံးပျက်စီးပြီး။ မိန်းမတစ်ယောက် သေတယ်လို့ သိရပါတယ်" ဟု ပြောသည်။

နောက်ဆုံးဝင်လာတဲ့ သတင်းအရ သေဆုံးသူအမျိုးသမီးမှာ မခင်ယုနန္ဒာထွန်း (၂၇) နှစ်ဖြစ်ပြီး နေအိမ်တည့်တည့်ကို ဗုံးထိမှန် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



စစ်ကောင်စီသည် ယခုဩဂုတ်လ တတိယပတ်မှစတင်ပြီး တောင်ကုတ်မြို့နယ်ထဲမှ AA တပ်ဖွဲ့ဝင်များ ရှိနိုင်သည်ဟုထင်သော နေရာများကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး ယနေ့နှင့်ပါဆိုလျှင် တစ်ပတ်အတွင်း ငါးကြိမ်တိတိဗုံးကြဲတိုက်ခိုက်ခဲ့ပြီဟု ဒေသခံများက ပြောသည်။

ယနေ့နေ့လယ်ပိုင်းမှစ၍ တောင်ကုတ်မြို့ဝေဟင်တွင်လည်း စစ်ကောင်စီဂျက်ဖိုက်တာ လေယာဥ် ဝဲပျံနေ၍ မြို့ခံများမှာ စိုးရိမ်မှုရှိနေကြသည်။

တောင်ကုတ်မြို့ခံအမျိုးသမီးငယ်တစ်ဦးက "မြို့ပေါ်မှာ လေယာဥ်ဝဲနေတယ်။ မြို့က လူတွေလည်း တော်တော်ကြောက်နေကြတယ်။ ဗုံးချသံတွေလည်းကြားနေရတယ်"ဟု ပြောသည်။

တောင်ကုတ်မြို့နယ်ရှိ တန်းလွဲချောင်းဖျားတောင်တန်းကိုလည်း ဩဂုတ် ၂၀ ရက်၊ နေ့လယ် ၂ နာရီခန့်မှစ၍ ၂ နာရီကျော်အထိ စစ်ကောင်စီ Y-12 ထောက်ပို့လေယာဥ်ဖြင့် ဗုံး ၆ လုံးကို နှစ်ကြိမ်တိုင်တိုင်လာရောက်ကြဲခဲ့သည်။

အလားတူ ဩဂုတ်လ ၁၉ ရက်၊ မနက်အစောကြီးကလည်း တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ ကျောက်ကြီးကွင်းတောင်ကို စစ်ကောင်စီဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်ခြေရင်းရှိ ကျောက်ကြီးကွင်းကျေးရွာမှ နေအိမ် ၁၀ လုံး ပျက်စီးမှုရှိခဲ့သည်။

ဩဂုတ်လ ၁၆ ရက်တွင် တောင်ကုတ်မြို့မှ ၈ မိုင်ခန့်အကွာ မိုးတောင်နှင့် မိုးပညာဒါန ကျောင်းနှင့် ဩဂုတ်လ ၁၅ ရက်တွင် တောင်ကုတ်မြို့မှ ၂၂ မိုင်ခန့်အကွာ အောင်မင်္ဂလာ ကျေးရွာတို့ကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - ယနေ့ သြဂုတ်လ ၂၂ ရက်၊ နေ့လယ်က တောင်ကုတ်မြို့နယ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီဂျက်ဖိုက်တာအား တွေ့ရစဥ်။

ဆက်စပ် သတင်းများ