စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

သံတွဲရှိ စစ်ကောင်စီနောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်စခန်း AA အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

လူထက်နိုင်(ဒွါရာမြီ)၊ ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ သြဂုတ် ၂၂/ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်စခန်းကို သိမ်းပိုက်ရရှိရန် အာရက္ခတပ်တော်(AA)က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိရဥ္စရာကိုပြောသည်။

"သံတွဲဘက်မှာ နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်စခန်း အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေဆက်လက်ပြီးတော့ ပြင်းထန်နေပါတယ်။ အဲဒီရေတပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး ကျွန်တော်တို့အာရက္ခတပ်တော်က ဆက်လက်ပြီးချေမှုန်းနေပါတယ်" ဟု ပြောသည်။

AA က အဆိုပါရေတပ်စခန်းကို ပြီးခဲ့သည့်ဇူလိုင်လ ၂၃ ရက်မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေးအတွက် ယမန်နေ့သြဂုတ်လ ၂၁ ရက်အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

အဆိုပါရေတပ်စခန်းသည် သံတွဲမြို့နယ်အတွင်းရှိ ငပလီကမ်းခြေတောင်ဘက်၊ သဗြုချိုင်ဖက်ကမ်းတွင် ရှိသည်။

ရခိုင်ပြည် သံတွဲမြို့က စစ်ကောင်စီနောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်  မကျရေးအတွက် စစ်ကောင်စီက ကြည်း၊ရေ၊လေ တွေအင်အားဖြင့် အကြီးအကျယ် ခုခံနေသော်လည်း တပ်သားများမှာ စိတ်ဓာတ်ကျနေသည့်အပြင် အချင်းချင်းညီညွတ်မှုမရှိဘဲ ဖရိုဖရဲ ဖြစ်နေကြောင်း ရေတပ်နှင့်နီးစပ်သူတစ်ဦးမှပြောသည်။

“ ကျော်ကျော်ဦးဆိုတဲ့ တပ်မှူးကို မောင်ရွှေလေးရေတပ်ကို ပြန်တိုက်ဖို့ ရန်ကုန်ကနေပြီးလွတ်လိုက်တယ်။ သူရောက်လာပေမယ့်အုပ်ချုပ်ရေးက အစအဆင်မပြေဘူး။  သူရောက်ပြီတော့မှ မောင်ရွေလေးရေတပ်ကို ရှော့တိုက်ဒုံးနဲ့ချလို့ ၂ ယောက်သေတယ်။ ကြည်းတပ်က လူတွေက အုပ်ချုပ်ရေးမှာ ကလန်ကဆန်လုပ်တယ်။ သူတို့ကို ရေတပ်ထဲအဝင်မခံဘူး။ တပ်မှူးနဲ့ ရေတပ်ဗိုလ်တွေက စစ်ရေယာဉ်တွေနဲ့ဘေးလွတ်ရာ တိမ်းရှောင်နေတာတွေရှိတော့ ကြည်းတပ်က မကျေနပ်ဘူး” ဟု ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင် မောင်ရွှေလေးရေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်သောကြောင့် ရေတပ်အခြားအဆင့်တစ်ဦးနှင့် တပ်သာတစ်ဦးသေဆုံးခဲ့ရာ ရေတပ်အတွင်းသို့ ဒုတိယအကြိမ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့ကလည်း မောင်ရွှေလေးရေတပ်အတွင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီး ရေတပ်သား ၂ဦးသေဆုံးခဲ့ဖူးသည်။

အနောက် ရွှေတိဂုံဟု ခေါ်ဆိုသော သဒ္ဒါကျောက်ဘုရားသည် မောင်ရွှေလေးရေတပ်နှင့် မိုင်ဝက်သာ ကွာဝေးကာ သြဂုတ် ၁၇ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ၂ဖက်စစ်ရေးတင်းမာ နေသောကြောင်း သိရသည်။

လက်ရှိတွင် AA က ဂျိတ္တောအပါအဝင် ငပလီမြို့နှင့် သံတွဲမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ယခုရေတပ် စခန်းကိုသိမ်းပိုက်နိုင်လျှင် သံတွဲမြို့နယ်တစ်ခုလုံးကို အလုံးစုံအပြီးသတ် သိမ်းပိုက်နိုင်ပြီ ဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် သံတွဲဒေသခံများသည် မြို့သို့ဝင်ခွင့်မရသေးဘဲ ဂွမြို့နယ်ဘက်သို့ စစ်ဘေး တိမ်းရှောင်နေကြရဆဲဟု သိရသည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ