စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

အာရက္ခတပ်တော်ထိုးစစ် ကျိန္တလီမြို့ကို ကျော်လွန်လာ၍ ဂွဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.9k

စောရှင်မေ၊ နိရဉ္စရာ၊ ဩဂုတ် ၂၂/၂၀၂၄

အာရက္ခတပ်တော် (AA) ၏ ထိုးစစ်မှာ ကျိန္တလီကို ကျော်လွန်ပြီး  ဂွမြို့ဘက်သို့ တစ်ဖြည်ဖြည်း နီးကပ်လာပြီး တိုက်ပွဲများလည်း ဖြစ်ပွားလာသဖြင့် ဒေသခံများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကျိန္တလီနှင့် ဂွမြို့အကြား ကားလမ်းပေါ်ရှိ တံတားတစ်ခု အနီးတွင် ဩဂုတ်လ ၂၀ ရက်မှစတင်ကာ ယနေ့ သြဂုတ်လ ၂၂ ရက်အထိ နှစ်ဘက်တိုက်ပွဲဖြစ်နေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ ပြီးတော့ ကျိန္တလီ ကြွေချိုင်ရွာအနီး ပင်လယ်မှာရှိတဲ့ နေဗီက လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်။ မနေ့ညကလည်း ၂ လုံးပစ်သံကြားတယ်။ ဒီနေ့လည်း မနက်ကနေပစ်နေတာ ဆက်တိုက်ပဲ။ လက်နက်ကြီး အလုံး ၂၀ လောက်ရှိပြီ" ဟုပြောသည်။

ကြွေချိုင်ရွာအနီး ပင်လယ်ပြင်ရှိ စစ်ကောင်စီနေဗီက ယမန်နေ့ ဩဂုတ်လ ၂၁ ရက်၊ ညနေ ၇ နာရီခန့်တွင် လက်နက်ကြီး ၂ လုံးပစ်ကူပေးသလို ယနေ့ မနက် ၆ နာရီခန့်မှစတင်၍ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ယင်းကြောင့် ကျိန္တလီနှင့် ဂွမြို့ကြားရှိ ကြွေချိုင်၊ တိုင်ကျိုး၊ ဘဲအင်း၊ ရေကျော်၊ ဒယ်ပုပ်၊ ကံပေါက်စသည့်ရွာများမှ ဒေသခံများမှာ ဂွမြို့ပေါ်နှင့် ဘေးလွတ်ရာကျေးရွာများသို့ အရေးပေါ်ပြောင်းရွေ့နေကြပြီး လက်ရှိလုပ်ကိုင်စားသောက်နေကြသည့် စိုက်ခင်းနှင့် ကျွဲနွားများကိုလည်း ချန်ထားခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

"အခုလိုတိုက်နေတဲ့အတွက် အဲ့ဒီအနီးအနားက လူတွေက လန့်ပြီးတော့ ပြေးနေကြတယ်။ သူတို့ လက်ရှိလုပ်ကိုင်စားသောက်နေတဲ့ စိုက်ခင်း၊ ကျွဲနွားတွေကို ထားခဲ့ရတာပေါ့။ ဒေသခံတွေက အမြောက်သံ၊ လက်နက်သံတွေ မကြားဖူးတော့ ကြောက်ပြီးတော့ စစ်ရှောင်ကြတယ်လေ" ဟုပြောသည်။

ဂွမြို့နှင့် ကျိန္တလီသည်  မိုင် ၄၀ ခန့် ကွာဝေးကြောင်း သိရသည်။

စစ်ကောင်စီသည် ကျိန္တလီနှင့် ဂွမြို့ကြားရှိ ကျောက်ပါးစပ်၊ ကုလားပြင်၊ ကိုင်းခုံ၊ ဆပ်သွား၊ ကြွေချိုင်၊ တိုင်ကျိုး၊ မော်ရွှေချိုင်နှင့် ကမ်းသာယာ စသည့်နေရာများတွင် တပ်ဖြန့် ထားပြီး အေအေ၏ ထိုးစစ်ကို ခုခံရန် ပြင်ဆင်ထားသည်ဟု သိရသည်။

ရခိုင်ပြည်အတွင်း မောင်တောနှင့် သံတွဲမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်ရှိ ဂွမြို့ အနီးထိ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာနေခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် သံတွဲနှင့် ဂွမြို့နယ်မှ ဒေသခံပြည်သူအများအပြားမှာ ဧရာဝတီတိုင်းနှင့် ပြည်မဘက်တို့တွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။

ပုံစာ-ရခိုင်တောင်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် အာရက္ခစစ်သည်တော်များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)

ဆက်စပ် သတင်းများ