အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြေပုံ ကြာအင်းတောင်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေ တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 950

စောရှင်မေ၊ နိရဉ္စရာ၊ သြဂုတ် ၂၃/၂၀၂၄

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်ရွာတွင် အရက်မူးနေသည့် သုံးဘီးသမားမှ လမ်းတွင် ရပ်ပြီး စကားပြောနေသူ ၂ ဦးကို သူမောင်းလာသော တုတ်တုတ်(ခေါ်) အိန္ဒိယသုံးဘီး ဝင်တိုက်မိရာမှ  တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ကြာအင်းတောင်ကျေးရွာမှ ကိုမန်းချေ (၃၀)နှစ် အိမ်ထောင်မရှိသူ ဖြစ်ပြီး ဒဏ်ရာရသူမှာ  တစ်ရွာတည်းနေ ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်၊ ည ၇ နာရီခွဲခန့်တွင် ကိုမန်းချေနှင့် နောက်ထပ်တစ်ဦးတို့သည်  ကြာအင်းတောင် ဆေးရုံရှေ့၌ ထိုင်၍ဖုန်းပြောနေစဥ် အသက် ၂၀ ကျော်ခန့်အရွယ်ရှိ  ကိုအောင်မင်းဝေ မောင်းနှင်လာသည့် တုတ်တုတ်(ခေါ်)အိန္ဒိယသုံးဘီးက အရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"သူတို့ နှစ်ဦက လိုင်းမိတဲ့နေရာမှာ ကြာအင်းတောင်ဆေးရုံရှေ့က လမ်းမှာ ဖုန်းပြောနေကြတာ။ အိန္ဒိယသုံးဘီးမောင်းလာသူက အရက်မူးပြီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားတာ။ ကိုမန်းချေက သေဆုံးပြီး နောက်တစ်ယောက်က ဒဏ်ရာ ရသွားတယ်"ဟု ပြောသည်။

ဒဏ်ရာရရှိသူမှာ လက်မောင်းများတွင် ဒဏ်ရာရရှိသွားပြီး ဆေးကုသမှုခံယူနေရသည်ဟု ဆိုသည်။

တုတ်တုတ်မောင်းသူသည် မြေပုံမြို့နယ်၊ ရက်ချောင်းရွာဇာတိဖြစ်ပြီး ကမ်းနီရွာတွင် အိမ်ထောင်ကျနေသူဖြစ်ပြီး  လက်ရှိတွင် သူ့ကို အာရက္ခတပ်တော် (AA)က ဖမ်းဆီး စစ်ဆေးနေကြောင်းလည်း ဒေသခံများက ပြောသည်။

ရခိုင်တွင် အရက်မူးပြီး ကား၊ သုံးဘီးနှင့် မော်တော်ဆိုင်ကယ်မောင်းသူများအား ထိရောက်စွာ အရေးယူရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - ရခိုင်ရှိ တုတ်တုတ်(ခေါ်)အိန္ဒိယသုံးဘီးအချို့အား တွေ့ရစဥ်။

ဆက်စပ် သတင်းများ