Preview

AA က ရခိုင်ရှိ တရုတ်စီမံကိန်း ၁၁ ခုအနက် ၉ ခုကို တစိတ်တပိုင်း ထိန်းချုပ်ထား

သြဂုတ် ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :2283
ရခိုင် သတင်း

(တရုတ်အနေဖြင့် AA နှင့် မညှိနှိုင်းလျှင်ဆုံးရှုံးမှု ပိုကြီးမားလာမည်ဟုဆို)

မောင်စာဂ

နိရဥ္စရာ၊ သြဂုတ် ၂၄/၂၀၂၄

ရခိုင်ပြည်တွင်တရုတ်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ ခုရှိသည့်အနက် စီမံကိန်း ၉ ခုကိုအာရက္ခတပ်တော်(AA)က တစိတ်တပိုင်းထိန်းချုပ်ထားနိုင်ပြီဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ အစီရင်ခံစာအရ သိ၇သည်။

AA က တစိတ်တပိုင်းထိန်းချုပ်ထားသည့် ရခိုင်မှ တရုတ်စီမံကိန်းများမှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူသဘာ၀ဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်း၊ရေနံပိုက်လိုင်း၊ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ - အမ်း၇ထားလမ်း၊ မန္တလေး -ကျောက်ဖြူ၇ထားလမ်း၊ မန္တလေး - ကျောက်ဖြူကားလမ်း၊ ကျောက်ဖြူ -နေပြည်တော်ကားလမ်းနှင့် သံတွဲလေအားလျှပ်စစ်စီမံကိန်းတို့ဖြစ်သည်ဟု ISP-Myanmar ၏ သြဂုတ်လ ၁၉ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

AA ထိန်းချုပ်ထားသည့်တရုတ်စီမံကိန်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနှင့်အထက်ရှိပြီးအကောင်အထည် မဖော်ရသေး၍ တန်ဖိုးမသိ၇သေးသည့် စီမံကိန်းများလည်း ပါဝင်ကြောင်း ISP - Myanmar က ဆိုသည်။

ယခုကဲ့သို့တရုတ်စီမံကိန်းများကို လက်လွှတ်လိုက်ရခြင်းမှာ စစ်ကောင်စီသည် မြန်မာပြည်ရှိတရုတ်စီမံကိန်းများကို အပြည့်အ၀ လုံခြုံမှုအာမခံချက်မပေးနိုင်တော့သည့်အနေအထားဖြစ်ပြီး ယင်းအခြေအနေကို တရုတ်က သဘောပေါက်ကာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့်ညှိနှိုင်းသင့်ပြီဟုမြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောသည်။

"စစ်နယ်မြေကျယ်ပြန့်လာတာနဲ့အမျှတရုတ်စီမံကိန်းတွေဟာ နေရာအသီးသီးမှာ ဒီလိုပဲ ဆုံးရှုံးမှုတွေကြုံရမှာပါပဲ။ ဒါကိုတရုတ်က သူ့အနေနဲ့နားလည်သဘောပေါက်ပြီးတော့ ကျနော်တို့သက်ဆိုင်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ PDF တွေနဲ့ညှိနှိုင်းဖြေရှင်းမှုမလုပ်ဘူးဆိုလို့ရှိရင် ဆုံးရှုံးမှုက ဒီထက်ပိုပြီးကြီးမားလာစရာပဲရှိပါတယ်"ဟု ပြောသည်။

AA ကလည်းရခိုင်ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့်မည်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ကြိုဆိုပြီးရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုလည်းကာကွယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူမြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်ဒေသများရှိတရုတ်စီမံကိန်း ၁၀ ကျော်ကို EAOs များနှင့် PDFs များက အပြည့်အ၀နှင့်တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်ပြီဟု ISP - Myanmar က ဆိုထားသည်။

EAOs များနှင့် PDFs များ အပြည့်အ၀ထိန်းချုပ်ထားသည့် တရုတ်စီမံကိန်း ၁၀ ခုရှိပြီး ယင်းတို့မှာ မူဆယ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံဆည်၊ ကွမ်းလုံတံတား၊ ချင်းရွှေဟော်နယ်စပ်စီးပွားရေးကုန်သွယ်မှုဇုန်၊ နောင်ဖဆည်၊ လန်ချန်း-မဲခေါင် သဘာ၀ဘေးကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနဲ့ စင်တာ၊ ဂုတ်ထိပ်တံတားနဲ့ လမ်းသစ်စီမံကိန်း၊ဆင်းရွှေလီ-၂ သကြား စက်ရုံ၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနှင့်တကောင်းနီကယ်စက်ရုံတို့ဖြစ်သည်။

ယင်းအနက် ၇ ခုကိုEAOsများကအပြည့်အ၀ထိန်းချုပ်ထားခြင်းဖြစ်ပြီး ကျန် ၃ ခုကို EAOs များနှင့် PDFs များက ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု သိ၇သည်။

နောက်ထပ်ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း၊နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း၊ အပြည်ပြည်ဆိုင်ရာကုန်းတွင်း-ရေကြောင်းကုန်သွယ်စင်္ကြံသစ် (ILSTC)နှင့် မူဆယ်- မန္တလေး ရထားလမ်းအပါအဝင်ကုန်သွယ်ရေးလမ်းကြောင်းများကိုလည်း EAOs များက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားသည်ဟုဆိုသည်။

ယခုကဲ့သို့အခြေအနေတွင်တရုတ်၏ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို မည်သူကအပြည့်အ၀အကာအကွယ်ပေးနိုင်မည်ဆိုသည်ကို တရုတ်အနေဖြင့် သိလောက်ပြီဟုရခိုင့်နိုင်ငံရေးလေ့လာသုံးသူ မြေပုံမြို့နယ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပြောဆိုသည်။

"ရခိုင်မှာဆိုရင်လည်းကျောက်ဖြူတို့၊ မဒေးကျွန်းတို့က တရုတ်စီမံကိန်းတွေဟာ မြန်မာစစ်ကောင်စီတပ်အနေနဲ့ကာကွယ်ပေးလို့မရနိုင်တော့ဘူး။ ဆိုတော့ အဲဒီအကျိုးစီးပွားကို အာရက္ခတပ်တော် ULA/AA ကလည်း မထိခိုက်အောင်သူ့ဟာနဲ့သူ ကတိပေးတာတွေလည်း ရှိတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုမထိခိုက်ဆိုတဲ့မူဝါဒလည်းရှိတယ်။ မထိခိုက်အောင်စောင့်ထိန်းမယ်ဆိုတဲ့မူဝါဒလည်းရှိတယ်။ ဒါကြောင့် လက်တွေ့ကျကျကတော့ ဘယ်နေရာမှာ ဘယ်သူကအဲဒီဒေသကိုကာကွယ်ပေးမလဲ၊ အဲဒီအကျိုးစီးပွားကိုကာကွယ်ပေးမလဲဆိုတာကတော့တရုတ်ပြည်အနေနဲ့လည်း သိမယ်ထင်ပါတယ်"ဟု ပြောသည်။

ယင်းသို့မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများအနက် စီမံကိန်း ၁၀ကျော်ကိုလက်လွှတ်ထားရသည့်အခြေအနေတွင်စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတရုတ်စီမံကိန်းများနှင့်ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက်အစွမ်းကုန်ကာကွယ်ပေးမည်ဟု ကတိပေးပြောဆိုခဲ့သေးသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်သစ် Ms. Ma Jia က သူ၏သံတမန်ခန့်အပ်လွှာကို ယမန်နေ့ သြဂုတ်လ ၂၁ ရက်တွင် နေပြည်တော်ရှိစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးအပ်သည့် အခမ်းအနား၌ယခုလိုကတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်သြဂုတ်လ ၁၄ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ရာတွင်လည်းမြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၊ တရုတ်ဝန်ထမ်းများနှင့် တရုတ်-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်ပေးရန် သဘောတူညီမှုရခဲ့သည်ဟုသိ၇သည်။

ဓာတ်ပုံ -ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ မဒေးကျွန်းဒေသရှိ တရုတ်-မြန်မာရွှေသဘာ၀ပိုက်လိုင်းစီမံကိန်းအား တွေ့၇စဥ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.