အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် မိုင်းနင်း၍ အမျိုးသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 695

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၂၅/၂၀၂၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ ဦးမောင်ကျော်ဌေး (၃၇)နှစ် ဖြစ်သည်။

သူသည် ယမန်နေ့ ဩဂုတ်လ (၂၄)ရက်၊ ညနေ (၄)နာရီခန့်တွင် စစ်ကောင်စီထောင်ထားခဲ့သော မိုင်းအား အမှတ်မထင်နင်းမိရာမှ ညာဘက်ခြေထောက်ဒူးအောက်ပိုင်းမှ ပြတ်ထွက်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ကူညီသယ်ဆောင်ပေးခဲ့သည့် ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး(PYA)က ယနေ့နေ့လယ်က ထုတ်ပြန်ထားသည်။

ဒဏ်ရာပြင်းထန်၍ ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်းလည်း PYA က ဆိုသည်။

သေဆုံးသူသည် မည်သည့်နေရာတွင် မိုင်းနင်းမိသည်ဆိုသည်ကို ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားခြင်းမရှိပေ။

အသေးစိတ်သိနိုင်ရန် PYA အဖွဲ့နှင့် သေဆုံးသူ၏ရွာသို့ နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရခဲ့ပါ။

သာစည်ကျေးရွာတွင် ၃ လတာကာလအတွင်း မိုင်းနင်းမိ၍ သေဆုံးသူ နှစ်ဦးအထိရှိပြီဟု PYA ၏ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်တွင် ငါးရှာဟင်းခူးသွားရောက်သည့်ကျေးလက်နေပြည်သူများသည် တောတောင်များတွင် မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရမှုများ တိုးလာနေသည်ဟု သိရသည်။

ရခိုင်တွင် မိုင်းအသိပညာပေးမှုများ လုပ်ဆောင်ပေးရန်လိုအပ်ပြီး မသွားသင့်သည့်နေရာများသို့ မသွားကြရန် တင်းတင်းကြပ်ကြပ် တားမြစ်သင့်သည်ဟု လူမှုရေးလှုပ်ရှားသူများက ထောက်ပြပြောဆိုသည်။ 

အာရက္ခတပ်တော်(AA)ကလည်း အရပ်သားပြည်သူလူထုအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ် ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန် ဇူလိုင်လ ၁၃ ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ မိုင်းနင်း၍သေဆုံးသွားသူအား တွေ့ရစဥ်။ (Photo - PYA)

 

ဆက်စပ် သတင်းများ