အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မောင်တောတိုက်ပွဲအတွင်း ပိတ်မိနေကြသည့် ရခိုင်နှင့်ဟိန္ဒူအမျိုးသမီးများအား အုပ်စုလိုက် အဓမ္မပြုကျင့်မှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

(ULA/AA) အနေဖြင့် စုံစမ်းစစ်ဆေးဖော်ထုတ်ပေးရန် ဒေသခံအမျိုးသမီးများတောင်းဆို

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ သြဂုတ်၂၅ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် တိုက်ပွဲအတွင်း ပိတ်မိနေကြသည့် ရခိုင်နှင့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများအား စစ်ကောင်စီနှင့် ARSA အဖွဲ့က အုပ်စုလိုက် အဓမ္မပြုကျင့်မှုများ ရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီး အဆိုပါ ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးပေးရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ( ULA/AA) တာဝန်ရှိသူများကို  ဒေသခံ အမျိုးသမီးများက တောင်းဆိုလိုက်သည်။

မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လနှင့်ဇူလိုင်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ချိန်က မောင်တောမြို့တွင်း အပါအဝင် အောင်ဗလကျေးရွာနှင့် ရွာသစ်ကျေးရွာတို့တွင် ပိတ်မိ နေသူများ ထဲမှ ဆယ်ကျော်သက်နှင့် သက်လတ် ပိုင်းအရွယ် အမျိုးသမီးများအား စစ်ကောင်စီနှင့် ပူးပေါင်းသည့် ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အုပ်စုလိုက် အဓမ္မကျူးလွန်ခဲ့သည်ဟု မောင်တောမြို့နယ်မှ ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသမီး တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“မြို့အနီးအနားမှာ တိုက်ပွဲဖြစ်တုန်းကဆိုရင် မြို့တွင်းမှာကျန်ခဲ့ရတဲ့ နေအိမ်တွေက အမျိုးသမီးတွေ အထူးသဖြင့် ဆယ်ကျော်သက် ၂၀ ကျော် အပျိုလေးတွေကို စစ်သားတွေနဲ့ မွတ်ဆလင်စစ်သားတွေက အိမ်ကနေလာခေါ်တယ်။ အိမ်မှာပြုကျင့်တာမဟုတ်ဘူး။ တခြားနေရာကို ခေါ်သွားတယ်။ အဓမ္မပြုကျင့်တယ်။ ပြီးရင် အိမ်ကိုပြန်လာပို့တာရှိသလို တချို့ကတော့ အိမ်ပြန်မရောက်ကြဘူး။ ကျမတို့ရှိခဲ့တုန်းက ရခိုင်အမျိုးသမီးတွေပဲ ကြားခဲ့ရတယ်။ တစ်အိမ်ထဲက မဟုတ်ဘူး။ ရပ်ကွက်တိုင်းက နေအိမ်တွေက အဲသလို မျိုးသမီးပျိုတွေကို ခေါ်ခေါ်ပြီးအဓမ္မပြုကျင့်တာပါ။ ဒီဖြစ်ရပ်ကမှန်ကန်ပါတယ်” ဟုပြောသည်။

ယင်းအပြင် စစ်ကောင်စီနှင့်ပူးပေါင်းတပ်ဖွဲ့  ARA၊ ARSA၊ RSO အဖွဲ့ဝင်များက အောင်ဗလကျေးရွာကို မီးရှို့ခဲ့မှုကြောင့် ရွာသူ၊ ရွာသားတစ်ချို့မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသော်လည်း ရွာထဲတွင်ပိတ်မိနေသည့် အမျိုးသမီးများမှာ အဓမ္မပြုကျင့်မှုကို အကြိမ်ကြိမ်ခံခဲ့ရသည်ဟု နောက်ထပ်ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“အောင်ဗလရွာကိုလည်း မီးရှို့လို့ပြာကျသွားပြီ။ ရွာထဲမှာကျန်ခဲ့တဲ့အပျိုအရွယ် မိန်းကလေးတွေနဲ့ အိမ်ထောင်သည်အမျိုးသမီးတွေပါမကျန် စော်ကားတာ။ ပြီးရင် အမျိုးသမီးငယ်တစ်ယောက်ကိုဆိုရင်လည်း အဲ့ဒီဗမာစစ်သားနဲ့ မွတ်ဆလင်စစ်သားတွေက အဝတ်တစ်ကိုယ်လုံးချွတ်ပြခိုင်းတယ်။ ပြီးရင် Sexual Harassment လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုလုပ်တယ်။ Rape လုပ်ပြီး ကိုယ်လုံးတီးပြန်လွှတ်ပေးလိုက်တာမျိုးကြုံခဲ့ရတယ်။ ရခိုင်အပါအဝင် ဗုဒ္ဓဘာသာမဟုတ်တဲ့လူတွေကိုပါ အဲ့လိုလုပ်တာပါ” ဟု ပြောသည်။

ယခုကဲ့သို့ စစ်ပွဲနောက်ကွယ်မှ အဓမ္မမှုကျူးလွန်ခံရမှုကို အာရက္ခတပ်တော်(AA)က စုံစမ်းဖော်ထုတ် ဖြေရှင်းဆောင်ရွက်ပေးသင့်ပြီး မီဒီယာများအနေဖြင့်လည်း ထိထိရောက်ရောက် ဖော်ထုတ်ပေးသင့်သည်ဟု မောင်တောတွင် တာဝန်ကျနေခဲ့သည့် ရခိုင်အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှ တာဝန်ခံအမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“အခုက မောင်တောက စစ်ပွဲတွေရဲ့နောက်ကွယ်မှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံနေရတာတွေအများကြီးရှိတယ်။ စစ်ဘေးရှောင်တဲ့နေရာတွေမှာလည်း အမျိုးသမီးတွေအတွက် မလုံခြုံဘူး။ချောင်းကြည့်တာတို့ ခံရတယ်။ ပြီးတော့ ဒီလို ရခိုင်က အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတွေ‌ကို ရခိုင်တမျိုးသားလုံးနဲ့ ကမ္ဘာကသိအောင် မီဒီယာတွေက တရားမျှတအောင် ဖော်ထုတ်ပေးသင့်တယ်”ဟုပြောသည်။

ယခုဖြစ်ရပ်များနှင့်ပတ်သက်ပြီး ကိုယ်တိုင်သွားရောက်မေးမြန်းနိုင်ခြင်းမရှိ၍   နိရဥ္စရာက သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပါ။

လက်ရှိတွင် မောင်တောမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ အပေါင်းအပါ အများအပြားကို ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်သဖြင့် စစ်ဆေးဖော်ထုတ်ရန် အမျိုးသမီများက တောင်းဆိုလာခြင်းဖြစ်သည်။

လက်ရှိတွက် တစ်ခုတည်းသောလက်ကျန်စခန်း အမှတ်(၅) နယ်ခြားစောင့် တပ်ဖွဲ့ခွဲ (နခခ(၅) တပ်ရင်းအား AA က ပိတ်ဆို့ ထားနိုင်ပြီး  အလံဖြူထောင် လက်နက်ချရန်လည်း AA က တောင်းဆိုထားသည်ဟု သိရသည်။

မောင်တောမြို့မှ ရခိုင်၊ မွတ်ဆလင်နှင့် ဟိန္ဒူစသည့် ဒေသခံ ၂ သောင်းကျော်ကိုလည်း ယခုသြဂုတ်လ အတွင်း AA က ဘေးလွတ်ရာသို့ကယ်ထုတ်ထားခဲ့ပြီဖြစ်ကြောင်း သိရသည်။(Photo by iStock)

ဆက်စပ် သတင်းများ