စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

စစ်တွေ မင်းဒြားချိတ်ရွာဟောင်းအား ညအချိန် စစ်တပ်က ဝင်ရောက်စီးနင်ပြီး ကျောင်းသား ၃ ဦးအပါအဝင် အရပ်သား ၁၆ ဦးဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

သျှင်မင်းဇံ၊ နိရဉ္စရာ၊ ဩဂုတ် ၂၆ /၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျအနီးရှိ မင်းဒြားချိတ်ရွာဟောင်းအား စစ်ကောင်စီ စစ်တပ်မှ ညအချိန် ဝင်ရောက် စီးနင်းပြီး အသက် ၁၀ နှစ်ကျော်အရွယ်ကျောင်းသား ၃ ဦး အပါအဝင် အရပ်သား ၁၆ ဦးဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့ ညအချိန် ၁၂ နာရီခန့်တွင် စစ်တပ်နှင့် ရဲတို့က ဝိုင်းဝန်းပိတ်ဆို့ကာ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ကျေးရွာလူကြီးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံလိုက်ရသူများမှာ ကိုဌေးဌေး၊ မစန္ဒာဝင်း၊ ထွန်းထွန်းနိုင်၊ မောင်ချေ၊ မောင်ခြောက်ချေ၊ သားပုချေအဖေ၊ သိန်းမင်းဌေး၊ ဆန်းမောင်လှ၊ သားပုချေ၊ နေမင်းထွန်း၊ သားကြီး၊ သန်းဇော်ဦး (ခ) မောင်မြတ်ဦး၊ ဝင်းဝင်းဇော်၊ သန်းဇော်းဌေး အပါအဝင် ဝေဠုဝန်ဘုန်းကြီးကျောင်းရှေ့က နှစ်ဦးတို့ ဖြစ်ကြသည်။

“ ဒီလ ဩဂုတ်လ ၂၁ ရက်နေ့ ညဉ့် ၁၂ နာရီလောက်မှာ ရဲတွေနဲ့ စစ်သားတွေက ရွာကို ဝိုင်းပြီး သန်းခေါင်စာရင်းစစ်တယ်။ မှတ်ပုံတင်တွေ စစ်တယ်။ ပြီးတော့ သူတို့ ရွာကို ဝင်လာတာကို ကြောက်လို့ ထွက်ပြေးတဲ့ သူတွေကိုပါ ဖမ်းသွားတာပါ။ ကျောင်းတက်နေတဲ့ ၆ တန်း ၇ တန်းကလေးတွေလည်း ဖမ်းသွားပါတယ်” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

လက်ရှိ ဖမ်းဆီးခံရသူများအား စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိသည်။

လက်ရှိတွင် အတင်းအဓမ္မဖမ်းဆီးခံရသူများအား မိသားစုဝင်များက တွေ့ခွင့်မရသော်လည်း မိသားစုများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်တောင်းခံနေသည်ဟု ၎င်းက ဆက်ပြောသည်။

“ဖမ်းဆီးထားသူတွေနဲ့ တွေ့ခွင့် စကားပြောခွင့်တောင် မရဘူး။ ဒါပေမဲ့ အချုပ်သားတွေ ရေချိုးတာ၊ ရေဝယ်ရတာတွေအတွက် မိသားစုဝင်တွေဆီက ပေးရမှာလို့ ပြောတယ်။ ဒီအတွက် မိသားစုတွေဆီက ပိုက်ဆံတွေပေးနေရတယ်” ဟုပြောသည်။

စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင်ရှိနေသေးသည့် မြို့တော်စစ်တွေတွင် ရဲနှင့်စစ်တပ်က အပြစ်မဲ့ အရပ်သားများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးနေရပြီး အချို့ဖမ်းဆီးခံရသူများတွင်လည်း မိသားစုဝင်များနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်ပြီ; ရွာသူ/ရွာသား များအား ဖမ်းဆီးကာ ထိုအထဲမှ  (၇၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ပြီး ၁၀၀ကျော်ကို စစ်ကောင်စီ ခလရ (၂၀) တပ်ရင်းကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ၎င်းဗျိုင်းဖြူ ရွာသည် မင်းဒြားချိတ်ရွာဟောင်း အနီးတွင် တည်ရှိသည်။

စစ်ကောင်စီသည် စစ်တွေမြို့အား နောက်ဆုံးခံတပ်အဖြစ် စစ်ရေးအရ အကြီးအကျယ်ပြင်ဆင်နေပြီး မြို့သူ မြို့သားများကိုလည်း ဓားစားခံအဖြစ် ထားရှိကာ ထွက်သွား၍ မရအောင် မြို့ကို ပိတ်ဆို့ထားသည်ဟု သိရသည်။

ဓာတ်ပုံ- ပုံဟောင်းသာ (စစ်တွေမြို့မှ အရပ်သားများကို ဖမ်းဆီးနေသည့် မြင်ကွင်းတစ်ခု)

ဆက်စပ် သတင်းများ