အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြပါရန် သက်ဆိုင်သူအားလုံးကို အမေရိကန်နှင့် ဗြိတိန်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

နိရဉ္စရာ၊ ဩဂုတ် ၂၆/၂၀၂၄

မြန်မာနိုင်ငံမှ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးကို အလေးပေး ဆောင်ရွက်ကြပါရန် သက်ဆိုင်သူအားလုံးကို အမေရိကန်နှင့် ဗြိတိန်တောင်းဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို အောက်မေ့သတိရခြင်း သတင်းထုတ်ပြန်ချက်တွင် ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းသောအနာဂတ်တစ်ခုကို ဆန္ဒပြင်းပြလျက်ရှိသည့် မြန်မာပြည်သူများအတွက် မိမိတို့၏ အားပေးထောက်ခံမှုမှာ မပြောင်းမလဲ တည်မြဲလျက်ရှိသကဲ့သို့ အရပ်သားပြည်သူများ ဘေးကင်း လုံခြုံရေးကို အလေးပေးဆောင်ရွက်ကြပါရန် သက်ဆိုင်သူအားလုံးကိုလည်း မိမိတို့ ဆက်လက် တောင်းဆိုပါသည်ဟု ဖော်ပြပါရှိသည်။

၎င်းပြင်  “ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုအသိုက်အဝန်းများ၊ အထူးသဖြင့် ရိုဟင်ဂျာများ ရင်ဆိုင် တွေ့ကြုံနေကြရသည့် အခက်အခဲများကို ပိုမိုဆိုးရွားစေပါသည်” ဟု ဖော်ပြသည်။ 

အမေရိကန်ပြည်ထောင်စုသည် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများနှင့် တစ်သားတည်း ရပ်တည်နေပြီး ရိုဟင်ဂျာအသိုက်အဝန်းများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းတွင် အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူများအတွက် လိုအပ်သောကူညီမှုများ ပေးအပ်ရန် သံန္နိဋ္ဌာန်ချထားပါသည်။

ခုနစ်နှစ်တာကာလအတွင်း အမေရိကန်ပြန်ထောင်စုက လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂.၄ ဘီလျံနီးပါး ထောက်ပံ့ကူညီခဲ့ပြီး ဖြစ်ပါကြောင်း၊  ရိုဟင်ဂျာလူမျိုးများနှင့် အရပ်သားပြည်သူ အားလုံးအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် ကြမ်းကြုတ်ရက်စက်မှုများနှင့် နှိပ်စက်ကလူ ပြုမှုများအတွက် ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ခြင်းကိုလည်း မိမိတို့ ဆောင်ရွက်လျက်ရှိပါသည်ဟု ဖော်ပြပါရှိသည်။

ဗြိတိသျှသံရုံး၏ ထုတ်ပြန်ချက်တွင်လည်း  (ရန်ကုန်) သံရုံးအကြီးအကဲ ” Ken O’Flaherty  က “လွန်ခဲ့တဲ့ (၇) နှစ်က မြန်မာစစ်တပ်အနေနဲ့ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအသိုက်အဝန်းများအပေါ် လူမျိုးတုံးသတ်ဖြတ်ရာရောက်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်" ဟု ပြောဆိုသည်။.

“ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများပိုမိုဆိုးရွားလာတာကြောင့် ရိုဟင်ဂျာအပါအဝင် အခြားသော လူမှုအသိုက်အဝန်းများအနေနဲ့ ဘေးဒုက္ခအန္တရာယ်တွေကို ပိုမိုရင်ဆိုင်ကြုံတွေ့လာရခြင်းက ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက လတ်တလောတိုက်ခိုက်မှုတွေဟာ ပိုမိုပြင်းထန်လာတဲ့အကြမ်းဖက်မှုရဲ့ သက်ရောက်မှုကိုထောက်ပြနေတဲ့ စိုးရိမ်ဖွယ်ရာသာဓကတွေပဲ ဖြစ်ပါတယ်။ တာဝန်ရှိတဲ့အဖွဲ့အစည်းများအားလုံးအနေနဲ့ အရပ်သားပြည်သူများအား အကာအကွယ် ပေးရေးကို အဓိကဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းကို ကျွန်ုပ်အနေနဲ့ ထပ်လောင်း တိုက်တွန်းလိုပါတယ်" ဟု ပြောဆိုသည်။

“မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မိမိချစ်မြတ်နိုးရသူများကို ဆုံးရှုံးခဲ့ရသူတွေသာမက တကွဲတပြားဖြစ်ခဲ့ကြရတဲ့ လူမှုအသိုက်အဝန်း အားလုံးအတွက် အမြဲတစေ ထပ်တူ ဝမ်းနည်းမိပါတယ်။ မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နဲ့ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)များကတစ်ဆင့် ဆောင်ရွက်နေမှုများအပါအဝင် နိုင်ငံတကာရဲ့ အားထုတ်ကြိုးပမ်းမှုများကို ယူကေအစိုးရအနေနဲ့ ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ် " ဟု ဖော်ပြထားသည်။ Photo: Civicus Lens

(သံရုံးများ၏ ထုတ်ပြန်ချက်အတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်)

ဆက်စပ် သတင်းများ