နောင်မင်းသူ၊ နိရဉ္စရာ၊ ဩဂုတ် ၂၆/ ၂၀၂၄
ဩဂုတ် ၂၄ ရက်မှ ၂၆ နေ့ထိဖြစ်ပွားသည့် တိုက်ပွဲတာ ၃ ရက်အတွင်း စစ်ကောင်စီနှင့် အပေါင်းအပါ အလောင်း ၁၀၀ ကျော်သိမ်းဆည်းရမိသလို သုံးပန့် အများအပြားကို ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော် ( AA) ၏ သတင်းနှင့်ပြန်ကြားရေးမှ ယနေ့ ဩဂုတ် ၂၆ ရက်နေ့ သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဩဂုတ်(၂၄/၂၅/၂၆) သုံးရက်အတွင်း ရန်သူ နှင့် အပေါင်းအပါ အလောင်း (၁၀၀) ကျော်အားကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ခဲ့သကဲ့သို့ သုံ့ပန်းအချို့ကိုလည်း မောင်တောမြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီး၇မိခဲ့သည်ဟု ဓာတ်ပုံနှင့် တကွ ဖော်ပြထားသည်။
တစ်ပြိုင်နက်တည်းတွင်လက်နက်ကိုင်ပြီး ထွက်ပြေးသော ရန်သူများအား လိုက်လံချေမှုန်းလျက်ရှိပြီး ရန်သူ၏လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့်မောင်တောမြို့၏ အခြားနေရာအချို့ ၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
မောင်တောမြို့၊အမှတ် (၂) ရပ်ကွက်၊ (ဖေဇီရွာ နှင့် မောင်နီရွာ) အတွင်းမှ အဆင့်ဆင့်ခုခံစစ် ဆင်နွှဲနေခဲ့သောဖက်ဆစ်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များ၏ ခံစစ်နေရာ အများစုအား အာရက္ခတပ်တော်မှတစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
ဩဂုတ်လ (၂၆) ရက်အာရက္ခတပ်တော်သည် မောင်တောမြို့သိမ်းတိုက်ပွဲအား ဆက်လက် ဆင်နွှဲလျက်ရှိသောကြောင့် မောင်တောမြို့အတွင်း၌ တိုက်ပွဲများမှာယနေ့အထိ ဆက်လက် ဖြစ်ပွားလျက်ရှိနေသည်ဟု ဖော်ပြထားသည်။
အာရက္ခတပ်တော် ( AA) ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းကို ခံနေရသည့် စစ်ကောင်စီတပ်သည် လက်ကျန် တပ်ရင်းဖြစ်သည့် နခခ(၅) မကျစေရန် အသည်းအသန် ခုခံကာကွယ်နေပြီး လေကြောင်းမှလည်းဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ်ဗုံးများကြဲချနေကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဩဂုတ်လ၂၆ ရက်နေ့ နံနက် ၃နာရီခန့် ညအချိန်တွင်လည်း ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် နခခ(၅)တပ်ရင်း အနီးသို့ ဗုံးများကို ကြဲချခဲ့ကြောင်း ဒေသခံများထံမှသိ၇သည်။
"ဒီနေ့ မနက် ည ၃နာရီ အချိန်မှာ ဂျက်လေယာဉ် ၂ စီနဲ့နခခ(၅)အနီးကိုဗုံးလာကြဲသွားတယ်။ နခခ(၅)က အခြေအနေမလှတောဘူး။ ကျတောမယ့် ခြေအနေလို့ သုံးသပ်နိုင်တယ်။ ဂျက်တိုက် လေယာဉ်တွေ နေ့ရောညရောအသည်းအသန်ဆက်တိုက်လာပြီးဗုံးကြဲချနေတာတွေ့ နေ၇တယ်” ဟု မောင်တော ဒေသခံ တစ်ဦးက ပြောကြားသည်။
ဩဂုတ်လ ၂၅ရက်နေ့တွင်လည်း နံနက်၉ နာရီခန့်၌ ဂျက်တိုက်လေယာဉ် ၂စီးဖြင့် တစ်ကြိမ်၊ ညနေ ၃ နာရီခန့်၌လည်း ဂျက်တိုက်လေယာဉ် ၂စီးဖြင့်တစ်ကြိမ် ဗုံးများလာရောက်ကြဲချခဲ့သည်ဟုဒေသခံများက ပြောသည်။
ဒေသခံ တစ်ဦးက "မောင်တောမြို့က အနောက်ဖက်နယ်မြို့ တစ်ခုလည်းဖြစ်တယ်။ မြန်မာစစ်တပ်ရဲ့ ပယောဂကြောင့် လူမျိုးရေး ဘာသာရေးပဋိပက္ခ တွေအကြိမ်ကြိမ် ဖြစ်ပွားခဲ့တဲ့ ဒေသတစ်ခုလည်း ဖြစ်တယ်။ နိုင်ငံ တကာက စိတ်အဝင်အစားဆုံးနဲ့ အာရုံစိုက်ခံရတဲ့ မြို့တစ်ခုလည်း ဖြစ်တယ်။ ဒီမောင်တောမြို့ကို စစ်ကောင်စီက လက်လွတ်အဆုံးရှုံး မခံချင်လို့ နည်းမျိုးစုံနဲ့ ကာကွယ်နေတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း စစ်တပ်တစ်ခုအနေနဲ့ ဒီနယ်စပ်မြို့ကို မကာကွယ်နိုင်ရင် သိက္ခာကျစရာ ဖြစ်သွားနိုင်တယ်။ အဲ့ဒါကြောင်းရှက်ရမ်းရမ်းပြီး လေယာဉ်နဲ့ နေရာ ညပါ တိုက်ခိုက်နေပုံ၇တယ်"ဟုပြောဆိုသည်။
မောင်တောမြို့နယ်တစ်ခုလုံး၌တစ်ခုတည်းကျန်နေသည့် နယ်ခြားစောင့်တပ်ဖွဲ့ခွဲနခခ(၅)အား အာရက္ခတပ်တော် AAမှ ဩဂုတ်လ ၂၀ရက်နေ့မှစပြီးအပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်လျှက် ရှိနေပြီးစစ်ကောင်စီမှလည်းလေကြောင်းဖြင့် နေ့စဉ်အပြင်းအထန်ခုခံကာကွယ်လျှက် ရှိနေကြောင်း ဒေသခံများထံမှသိ၇သည်။