စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

သံတွဲနောက်ဆုံးလက်ကျန်စခန်း မောင်ရွှေလေးရေတပ်မကျရန် စစ်ကောင်စီက စစ်သင်္ဘော (၈) စီးဖြင့် ခုခံကာကွယ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.4k

လူထက်နိုင် (ဒွာရာမြီ)၊ နိရဉ္စရာ၊  ဩဂုတ် ၂၇/၂၀၂၄

အာရက္ခတပ်တော်( AA) က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် သံတွဲမြို့မှ နောက်ဆုံးလက်ကျန်စခန်း မောင်ရွှေလေးရေတပ်မကျရန် စစ်ကောင်စီက စစ်သင်္ဘော (၈) စီးဖြင့် ခုခံတိုက်ခိုက်နေကြောင်း အာရက္ခတပ်တော်၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ ရန်သူသည် စစ်သင်္ဘော (၈) စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်း ဖက်ဆစ်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

မောင်ရွှေလေးရေတပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့ကလည်း  အာရက္ခတပ်တော် (AA) က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးဖြိုးမောင်မောင်ဝင်းနှင့် တပ်ကြပ်ကြီးရဲဝင်းတို့ အပါအဝင် ရေတပ်သား အနည်းဆုံး ၃ ဦး သေဆုံးသွားခဲ့ကြောင်း ရေတပ်နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

“ ကွင်းဝိုင်းရေတပ်ကို ရှော့တိုက်ဒုံးကျတာ ၃ ကြိမ်ရှိပြီ။  သုံးကြိမ်စလုံး လူသေတာ ဒီတခါ အများဆုံးနဲ့ အရာရှိအကြီးဆုံးတွေ အထိ ပါသွားတာ ” ဟု နောက်ထပ်ဒေသခံ တစ်ဦးမှ ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင် မောင်ရွှေလေးရေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်သောကြောင့် ရေတပ်အခြားအဆင့်တစ်ဦးနှင့် တပ်သာတစ်ဦးသေဆုံးခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့ကလည်း မောင်ရွှေလေးရေတပ်အတွင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီး ရေတပ်သား ၂ဦးသေဆုံးခဲ့သည်။

မောင်ရွှေလေး ရေတပ်စခန်းကို AA  ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုများရှိနေသည့်အပြင် ကျောက္ကလပ် ကျေးရွာနှင့် မောင်ရွှေလေးကျေးရွာအစပ်တို့၌ သြဂုတ် ၂၂ရက်၊၂၃ ရက်တို့တွင် ပစ်ခတ်မှုများရှိနေပြီး အဆိုပါ နေရာတို့သည် မောင်ရွှေလေးရေတပ်နှင့်မိုင်ဝက်ခန့် သာ ကွာဝေးတော့ကြောင်း ဒေသခံတို့မှ ပြောသည်။ဒ

မောင်ရွှေလေးရေတပ်နှင့် သပြုချိုင် ဆိပ်ကမ်းကြားရှိ ရွာသာယာကျေးရွာအထိ အာရက္ခတပ်တော်မှာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အဆိုပါနေရာသည်လည်း မောင်ရွှေလေးရေတပ်နှင့် မိုင်ဝက်သာ ကွာဝေးတော့ကြောင်း သိရသည်။

ထို့အပြင် အနောက် ရွှေတိဂုံဟု ခေါ်ဆိုသော သဒ္ဒါကျောက်ဘုရားသည် မောင်ရွှေလေးရေတပ်နှင့် မိုင်ဝက်သာ ကွာဝေးကာ သြဂုတ် ၁၇ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

သံတွဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ သံတွဲမြို့နယ်အတွင်းရှိ တပ်များအားလုံး မောင်ရွှေလေးရေတပ်သို့ ယခုလ စောစောပိုင်းက နောက်ဆုတ်သွားခဲ့ပြီး ၎င်းရေတပ်စခန်းကနေ ခုခံနေသည်ဟု ပြောကြားသည်။

“ဂျိတ္တောကို အေအေ ထိန်းချုပ်လိုက်ပြီးတဲ့နောက် ဂျိတ္တောက စစ်ကောင်စီတပ်တွေပြေးပြီ။ ဆပ်လည်မြို၊ အဘဲရွာအထိ အေအေ လိုက်ရှင်းလို့ တိုက်ပွဲဖြစ်ခဲ့တာ။ စစ်ရေယာဉ် ၅ စီးလည်း ထိခိုက်ပျက်စီးတာတွေရှိတယ်။ ရေတပ်က သုံးနေတဲ့ မော်တော်ဘုတ်တွေလည်း အေအေရထားပြီ။ ပုလဲကျွန်းကို စစ်ကောင်စီပြေးကြတယ်။ အဲ့ကျွန်းမှာလည်း သိပ်မနေနိုင်ကြဘူးလို့ သိရတယ်။ အခုနောက်မောင်ရွှေလေး တပ်တစ်ခုပဲ သူတို့ဆုတ်သွားကြတာ။ ကျန်တဲ့ သံတွဲက နေရာတွေ အကုန် ကုန်ပြီ” ဟုပြောသည်။

ဂျိတ္တောရပ်ကွက်မှနေ၍ ခုခံနေခဲ့ကြသည့် စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်းတွင် ပုလဲကျွန်း ဘက်သို့ ဆုတ်ခွာထွက်ပြေးစဥ် စစ်ရေယာဉ်အချို့ကို AA က သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သံတွဲမြို့တွင် စစ်ကောင်စီ၏ နောက်ဆုံးခံတပ်အဖြစ်ခုခံနေသော မောင်ရွှေလေးရေတပ်လည်း များမကြာမီ ကျသွားနိုင်သည်ဟု ဒေသခံများက ဆိုသည်။

(ဓာတ်ပုံ- စစ်ကောင်စီရေတပ်/ပုံအဖြစ် ဖော်ပြခြင်းသာဖြစ်ပါသည်)

ဆက်စပ် သတင်းများ